ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်စခန်း ၂ ခု တိုက်ခိုက်ခံရပြီး ၈ဦးသေဆုံး ဟုဆို

By ပါခွီး (မဇ္စျိမ)
17 January 2023
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်စခန်း ၂ ခု တိုက်ခိုက်ခံရပြီး ၈ဦးသေဆုံး ဟုဆို

ဇန်နဝါရီလ ၁၇ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဟားခါးမြို့နယ်တို့တွင် တပ်စွဲထားသည့် နေရာများကို နှစ်ရက်ဆက်ကာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ရှစ်ဦး သေဆုံး၍ လေးဦး ဒဏ်ရာရရှိသွားကြောင်း ချင်းအမျိုးသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောသည်။

ဇန်နဝါရီလ ၁၆ ရက် နံနက် ၆နာရီအချိန်တွင် ချင်းအမျိုးသားတပ်မတော် တပ်မဟာ (၁) နယ်မြေ ပလက်ဝမြို့နယ် ကုန်ရွာတွင် စခန်းချနေသော စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ ချုံခိုပြီးသွားတိုက်ခဲ့တာပါ ၊ ၁၀ မိနစ်ကျော်လောက်ပစ်ခတ်ခဲ့တယ်” ဟု ဆလိုင်းထက်နီက မဇ္စျိမကို ပြောသည်။

ယင်းသို့ ချုံခိုက် တိုက်ခိုက်မှုကို (CNA) တပ်ဖွဲ့မှ ဦးဆောင်ခဲ့ပြီး CDF – Petletwa နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးခဲ့ပြီး ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။

ယင်း ကုန်ရွာတွင် စစ်ကောင်စီတပ် အင်အား တပ်စိတ် နှစ်စိတ်(အင်အား ၂၀ ခန့်)ဖြင့် တပ်စွဲထားနေပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အလားတူ ဇန်နဝါရီလ ၁၅ရက်နေ့ နံနက် ၁နာရီ အချိန်တွင် ဟားခါးမြို့နှင့် ဂန့်ဂေါမြို့နယ်စပ် ရှိ ဘုန်ဇုန်း (Bung Zung ) တပ်စခန်းကို CNA တပ်ဖွဲ့မှ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဆလိုင်းထက်နီ က ဆက်လက်ပြောဆိုသည်။

သန်းခေါင်ကျော်အချိန် ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား သုံးဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားကြောင်း တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းတွင် အတည်ပြုနိုင်ခဲ့ကြောင်းဆိုသည်။

စစ်ကောင်စီတပ် အင်အား ၈၀ခန့်ရှိသော အဆိုပါ ဘုန်ဇုန်းစခန်းတိုက်ပွဲတွင် CNA တပ်ဖွဲ့မှ Biak Chum Nawl (အသက်၂၄နှစ်)သည် တိုင်းပြည်နှင့် လူမျိုးအတွက် အသက် စတေးခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီလ ၁၇ရက် ယနေ့နံနက် ၉နာရီ ၄၀ မိနစ်အချိန်တွင် အိန္ဒိယ - မြန်မာနယ်စပ် ဖလမ်းမြို့နယ်အတွင်းရှိ ရိဒ်ခေါ်ဒါရ် တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

ချင်းပြည်နယ် ၊ မတူပီမြို့နယ် ငလိုင်ကျေးရွာတွင် စခန်းချထားသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ ရှေ့တန်းစခန်းအား စစ်တပ်အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီး CDF – Matupi မှ ရဲဘော်တစ်ဦး ကျဆုံးကာ လက်နက်ခဲယမ်းနှင့် လူ့အသုံးဆောင်ပစ္စည်းများ ဆုံးရှုံးခဲ့ ကြောင်းသိရသည်။

စစ်ကောင်စီမှ ကျင်းပမည့် ၂၀၂၃ ရွေးကောက်ပွဲအတွက် ရည်ရွယ်ကာ ချင်းပြည်နယ်အတွင်း လူဦးရေစာရင်းများကောက်ယူနေပြီး ယင်းရွေးကောက်ပွဲကိုလက်မခံကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သူများကို အရေးယူမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ များမှ ထုတ်ပြန်ကြေညာပြီးနောက် တိုက်ပွဲများ စတင်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly