တရုတ်နိုင်ငံမှ ကဏန်းများကို ပိတ်ပင်ရန် ထိုင်ဝမ်၏ ဆုံးဖြတ်ချက်ကြောင့် နောက်ဆက်တွဲ ပြဿနာများဖြစ်ပေါ်မည်ကို စိုးရိမ်နေ  

By  ANI
16 January 2023
တရုတ်နိုင်ငံမှ ကဏန်းများကို ပိတ်ပင်ရန် ထိုင်ဝမ်၏ ဆုံးဖြတ်ချက်ကြောင့် နောက်ဆက်တွဲ ပြဿနာများဖြစ်ပေါ်မည်ကို စိုးရိမ်နေ  

အန္တရာယ်ရှိသော ဒိုင်အောက်ဇင်ဓာတုပစ္စည်းပါဝင်မှုကြောင့် တရုတ်နိုင်ငံမှ ကဏန်းတင်သွင်းမှုကို ပိတ်ပင်သည့် ထိုင်ဝမ်၏ဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်များ၏ ဆိုးကျိုးများအပေါ် စိုးရိမ်ပူပန်မှုများ ထပ်မံဖြစ်ပေါ်စေခဲ့ကြောင်း ဟောင်ကောင်အခြေစိုက် The Hong Kong Post တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံမှ တင်သွင်းသော ကဏန်းများတွင် တွေ့ရသည့် ဒိုင်အောက်ဇင်သည် ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းဖြစ်သည်။
နိုင်ငံအများအပြားသည် တရုတ်နိုင်ငံထုတ် အစားအစာများကို စားသုံးခြင်းနှင့် ပစ္စည်းများကို အသုံးပြုခြင်း၏ အန္တရာယ်အကြောင်းကို ယခင်ကတည်းက ဆွေးနွေးပြောဆိုလာခဲ့ကြသည်။
တရုတ်နိုင်ငံတွင် ပလတ်စတစ်ဆန်များထုတ်လုပ်သည့် သတင်းများကြောင့် လွန်ခဲ့သော နှစ်အနည်းငယ်က လူများ မှာ စိုးရိမ်ထိတ်လန့်ခဲ့ရသည်။ ဓာတုဆန်များ ထုတ်လုပ်နေသည့် ဗီဒီယိုအများအပြား တရုတ်နိုင်ငံတွင် ထွက်ပေါ်ခဲ့ကြောင်း Hong Kong Post တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံထုတ် အိမ်သုံးနှင့် လူသုံးကုန်ပစ္စည်းများ၊ လျှပ်ကာပစ္စည်းနှင့် ထုပ်ပိုးပစ္စည်းများသည် မျက်စိနှင့် အသက်ရှူလမ်းကြောင်းများကို ယားယံစေသည့် စတိုင်ရင်း အခရိုလွန်နိုက်ထရိုင်းကို အသုံးပြုထားသည်။ ဥရောပသမဂ္ဂက ထိုကိစ္စကို သေချာသုံးသပ်ပြီး တရုတ်နိုင်ငံမှ ဆန်အမျိုးအစားအားလုံးကို တင်သွင်းခွင့် ပိတ်ပင်ခဲ့သည်။
တရုတ်နိုင်ငံမှ တင်သွင်းလာသော ကြက်သွန်ဖြူတွင် ကလိုရင်းထက် အဆ ၆၀ ပို၍အန္တရာယ်ရှိသော မီသိုင်းဘရိုမိုက် ပါဝင်နေကြောင်း တွေ့ရှိခဲ့သည်။
ထိုင်ဝမ်သည် တရုတ်နိုင်ငံမှ ကဏန်းများကို တားမြစ်ပိတ်ပင်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ကဏန်းတင်သွင်းမှုကို ၂၀၀၇ ခုနှစ်တွင်လည်း ရပ်ဆိုင်းခဲ့သည်။ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဟောင်ကောင်ကဲ့သို့ နိုင်ငံများသည် တရုတ်ကဏန်းတင်သွင်းမှုကို ပိတ်ပင်ထားသည်။
ကင်ဆာဖြစ်စေသော ဓာတုပစ္စည်းများဖြစ်သည့် ပိုလီကလိုရင်နိတ်တက်ဘိုင်ဖန်နိုင်းလ်နှင့် ဒိုင်အောက်ဇင်များကို တရုတ်ကဏန်းများတွင် တွေ့ရှိခဲ့ကြောင်း ဟောင်ကောင်အခြေစိုက် အစားအစာဘေးကင်းရေးဌာနမှ ပြောကြားခဲ့သည်။
  လူတစ်ဦးသည် မသန့်ရှင်းသည့် တရုတ်ကဏန်းကြီး ၁၄ ကောင်ထက် ပိုမိုစားသုံးပါက လစဉ်စားသုံးနိုင်သည့် (အဆိပ်) ဓာတုပစ္စည်းများ ကန့်သတ်ချက်ပမာဏကို ကျော်လွန်သွားလိမ့်မည်” ဟု အစားအစာဘေးကင်းရေးဌာန၏ အကြံပေး ဒေါက်တာ ဖိလစ်ဟိုရက်ခ်-ရင်က ပြောကြားခဲ့ကြောင်း Hong Kong Post တွင် ဖော်ပြထားသည်။
တရုတ်ကဏန်းသည် နှစ်သစ်ကူးပွဲတော်၏ ရိုးရာအစားအသောက်များတွင် အဓိကဟင်းလျာဖြစ်သော်လည်း ယခုအခါ ထိုင်ဝမ်သည် ကဏန်းတင်သွင်းမှုကို ပိတ်ပင်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly