ကိုဗစ်ကန့်သတ်ချက်များကို လက်တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားနှင့်ဂျပန်အား ဗီဇာထုတ်ပေးမှုကို တရုတ် ရပ်ဆိုင်း 

ကိုဗစ်ကန့်သတ်ချက်များကို လက်တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားနှင့်ဂျပန်အား ဗီဇာထုတ်ပေးမှုကို တရုတ် ရပ်ဆိုင်း 

ကိုဗစ်ရောဂါပျံ့နှံ့ဖြစ်ပွားနေသည့်အတွက် တရုတ်ခရီးသွားများသည် နိုင်ငံအသီးသီးမှ ချမှတ်ထားသော ကန့်သတ်ချက်အများအပြားနှင့်ရင်ဆိုင်နေရသောကြောင့် တရုတ်က စတင်လက်တုံ့ပြန်သည့်အနေဖြင့် ဂျပန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံစလုံးမှ ပြည်သူများကို ဗီဇာထုတ်ပေးခြင်းအား ရပ်ဆိုင်းလိုက်ကြောင်း NHK World တွင် ဖော်ပြထားသည်။
တရုတ်အပေါ် ကန့်သတ်မှုချမှတ်ထားသည့် နိုင်ငံများတွင် ဂျပန်နှင့်တောင်ကိုရီးယားတို့အပြင် နိုင်ငံများစွာ ပါဝင်သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီ ယိုရှီမာဆာက တရုတ်၏လုပ်ရပ်အား စိတ်ပျက်ဖွယ်ကောင်းကြောင်း ဝေဖန်လျက် "ဂျပန်အနေနဲ့ နိုင်ငံဝင်ပေါက်နေရာတွေမှာ အစီအမံတွေကို အကောင်အထည်ဖော်နေပေမဲ့ နိုင်ငံတကာက လူတွေဝင်ရောက်မှုကို အဟန့်အတားမဖြစ်စေဖို့ တတ်နိုင်သမျှ သတိထားဆောင်ရွက်နေပါတယ်" ဟု ပြောခဲ့သည်။
"ကိုရိုနာဗိုင်းရပ်တိုက်ဖျက်ဖို့ဆိုတာထက် အခြားအကြောင်းရင်းတွေကြောင့် တရုတ်နိုင်ငံက ဗီဇာထုတ်ပေးမှုကို ကန့်သတ်လိုက်တာဟာ အလွန်ဝမ်းနည်းဖို့ကောင်းပါတယ်" ဟု ယိုရှီမာဆာက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် နောက်ထပ် ပြည်ဝင်ခွင့်ကန့်သတ်ချက်များကို ဇန်နဝါရီလ ၁၀ ရက်က ကြေညာခဲ့သည်။
ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်လာပြီးနောက် နိုင်ငံအများအပြား၏ ကန့်သတ်မှုများကို ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက “လက်တစ်ဆုပ်စာနိုင်ငံတွေဟာ သိပ္ပံပညာနဲ့ ကိုယ့်နိုင်ငံက တကယ့်ကပ်ရောဂါအခြေအနေတွေကို မသိကျိုးကျွံပြုပြီး တရုတ်နိုင်ငံကို ပစ်မှတ်ထားတဲ့ ခွဲခြားဆက်ဆံတဲ့ ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေချမှတ်ဖို့ တောင်းဆိုနေကြတာဟာ စိတ်မကောင်းစရာပါ။ ဒီလိုလုပ်တာကို တရုတ်က ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး လက်တုံ့ပြန်ရေးအစီအမံတွေ ပြုလုပ်သွားမှာပါ”ဟု ပြောကြားခဲ့သည်။
ယခုအခါ ဂျပန်နိုင်ငံတွင် တရုတ်ပြည်မကြီးမှ ခရီးသည်များအနေဖြင့် ၇၂ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်-၁၉ ကင်းစင်ကြောင်းလက်မှတ်ကို ပြသရန် လိုအပ်သည်ဟု NHK World က ဖော်ပြခဲ့သည်။
တရုတ်အစိုးရသည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို စွန့်လွှတ်ပြီးနောက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ အရှိန်အဟုန်ဖြင့် မြင့်တက်နေသဖြင့် တရုတ်နိုင်ငံသို့ မလိုအပ်ဘဲ ခရီးမသွားကြရန် ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ်နိုင်ငံများက မကြာသေးမီက တိုက်တွန်းထားကြောင်း စင်ကာပူအခြေစိုက် The Straits Times သတင်းစာက ဖော်ပြခဲ့သည်။
တရုတ်အစိုးရသည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ပြီးခဲ့သည့်လက ရုတ်တရက် ပယ်ဖျက်ခဲ့သည်။
ထို့ပြင် အာဏာပိုင်များက ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပယ်ဖျက်ခဲ့ကာ ရောဂါလက္ခဏာမပြသော သို့မဟုတ် ရောဂါမပြင်းထန်သော နိုင်ငံသားများအား အိမ်တွင် သီးခြားနေထိုင်ရန် ညွှန်ကြားခဲ့သည်။
တရုတ်နိုင်ငံသည် စုပေါင်းကိုယ်ခံစွမ်းအား (herd immunity) ရရှိစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်အာရုံစိုက်နိုင်စေရန် နိုင်ငံသားအားလုံး ကိုဗစ်ရောဂါကူးစက်ခံရအောင် ကြိုးပမ်းနေသည်ဟု မီဒီယာတချို့က ဖော်ပြကြသည်။
သို့သော် မြေပြင်အခြေအနေမှာ ဖရိုဖရဲဖြစ်နေသည်ဟုဆိုသည်။ တရုတ်နိုင်ငံတွင်ဆက်လက်ဖြစ်ပွားနေသော ကိုဗစ်လှိုင်းကြောင့် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ဝူဟန်၊ ချုံချင့်နှင့် အခြားမြို့ပြများတွင် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ရုန်းကန်နေရပြီး ဆေးရုံများတွင် လူနာများ ပြည့်နှက်နေသလို ရင်ခွဲရုံများတွင်လည်း သေဆုံးလူနာများပြည့်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly