စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ငြင်းပယ်ဆန့်ကျင်ကြရန် ဗဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု တိုက်တွန်း

By 001 (မဇ္စျိမ)
16 January 2023
စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ငြင်းပယ်ဆန့်ကျင်ကြရန် ဗဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု တိုက်တွန်း

ဇန်နဝါရီလ ၁၆ ရက်

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူများ အနေဖြင့်စစ်ကောင်စီကပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ဆန့်ကျင်ကြရန် ဗဟာဗျူ ဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု SIF က ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့တွင်ထုတ်ပြန်တိုက်တွန်း ထားသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အသိအမှတ်ပြုလက်ခံခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်းသည် ပြည်သူ့တော်လှန်ရေးရည်မှန်းချက်များအား ဥပက္ခာပြုခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အကာအကွယ်ယူရယူခံစားနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုသက်ဆိုးရှည်စေပြီး စစ်အာဏာရှင်စနစ်ကို ပိုမိုခိုင်မြဲသွားစေမည်ဖြစ်ကြောင်းလည်း SIFက သတိပေးထားသည်။

“နိုင်ငံရေးပါတီများ၊ ကျွန်ုပ်တို့ပြည်သူများအနေဖြင့် စစ်ကောင်စီ၏တရားခံရွေးချယ်ပွဲအား လက်မခံဘဲ နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ငြင်းပယ်ကြရမည်ဖြစ်သည်။ မြန်မာပြည်ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေး လမ်းကြောင်းတွင် ကျွန်ုပ်တို့ပြည်သူများနှင့်အတူ သွေးစည်းညီညွတ်စွာရပ်တည်နေသည့် ကမ္ဘာ့နိုင်ငံ အစိုးရများနှင့် အဖွဲ့စည်းအသီးသီးအနေဖြင့်လည်း ဝိုင်းဝန်းကန့်ကွက် ရှုံ့ချကြရန် ပန်ကြားလိုပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ပလောင်လွတ်မြောက် ရေးတပ်ဦး(PSLF)တို့က စစ်ကောင်စီ၏ တရားခံရွေးပွဲအား လက်မခံကြောင်း ၊ ရှင်းလင်းစွာရပ်တည်ထား ကြောင်း SIF ကထုတ်ပြန်သည်။

ထို့ကြောင့် ကျန် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအနေဖြင့်လည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကို ဆန့်ကျင်တိုက်ဖျက်ကြရန် တိုက်တွန်းထားသည်။

ထို့ပြင် စစ်ကောင်စီ၏ တရားခံရွေးပွဲကို ခွန်အားရှိသ၍ ဆန့်ကျင်တိုက်ဖျက်ရင်း တော်လှန်ရေးရည်မှန်း ချက်များအား ရှေးရှု၍ ဆက်လက်ချီတက်ကြရန်လည်း ဆိုထားသည်။

မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု(SIF)သည် အခြေခံအားဖြင့် အမြင်၊ ရပ်တည်ချက်နှင့် နည်းနာများ တူညီသည့် တော်လှန်သောနိုင်ငံရေးအင်အားစုများ၊ တသီးပုဂ္ဂလများ၏ ဆုံရပ်ဖြစ်ပြီး SIF တွင် GSC ၊ KNU ၊ KNPP ၊ WLP ၊ DPNS နှင့် အမည်မဖော်လိုသော အဖွဲ့အစည်းများ၊ နိုင်ငံရေးပုဂ္ဂိုလ်များ ပါဝင်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီက လာမည့် ဩဂုတ်လအတွင်း PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ပြောဆိုထားပြီး လက်ရှိတွင် ဇန်နဝါရီလ ၉ ရက်နေ့မှစ၍ တိုင်းနှင့်ပြည်နယ်များတွင် တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်း ကောက်ခံခြင်းများ ပြုလုပ်လျက်ရှိသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly