Grand Royal အရက်ချက်စက်ရုံမီးလောင်ကျွမ်းမှုတွင် ၁၉ ဦးထိခိုက်၊ အရက်ကြမ်းများနှင့် သိုလှောင်ကန် များ ပျက်စီးဆုံးရှုံး

By ဂန္ဒမာ (မဇ္ဈိမ)
16 January 2023
Grand Royal အရက်ချက်စက်ရုံမီးလောင်ကျွမ်းမှုတွင် ၁၉ ဦးထိခိုက်၊ အရက်ကြမ်းများနှင့် သိုလှောင်ကန် များ ပျက်စီးဆုံးရှုံး

ဇန်နဝါရီလ ၁၆ ရက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်ကျွမ်းမှုတွင် စုစုပေါင်း ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရက်ကြမ်းများနှင့် သိုလှောင်ကန်များ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ် ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အရက်ချက်စက်ရုံမီးလောင်မှုကို မီးသတ်ဦးစီးဌာနသို့ မဇ္ဈိမမှဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ မီးသတ်တပ် ဖွဲ့ ဝင် ၄၄၆ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၈၆ ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့က ဖြေကြားခဲ့သည်။

သို့ရာတွင် Grand Royal Group International ၏ ထုတ်ပြန်ချက်အရ မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံမီးလောင်မှုမှာ အရက်သိုလှောင်သိမ်းဆည်းရာနေရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အကြောင်းအရင်းမှာ မတော်တဆမီးလောင်ကျွမ်းမှုဖြစ်သည်ဟု အထောက်အထားများအရ ယူဆသည်ဟု ဖော်ပြထားသည်။

မီးလောင်မှုကြောင့် သိုလှောင်ထားသည့် ၉၆ ရာခိုင်နှုန်း အရက်ကြမ်းများ၊ အရက်ဖျော်စပ်ရာတွင် အသုံးပြုသော Tank ကြီးများ ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သော်လည်း ပင်မအရက်ချက်စက်ရုံ၊ ပုလင်း သွင်းစက်ရုံနှင့် နှစ်ချို့အရက်စည်များဘက်ခြမ်းသို့ မီးကူးစက်လောင်ကျွမ်းခြင်း မရှိခဲ့ကြောင်း သိရသည်။

“တချို့ဝန်ထမ်းတွေတော့ ဆင်းတာတွေ့တယ်ဗျ။ လောင်ပြီး နောက်တစ်နေ့ကတည်းကပါ။ အကုန်တော့ မဟုတ်ဘူးထင်ပါတယ်” ဟု မီးလောင်မှုဖြစ်ထားသည့်စက်ရုံသို့ ဝန်ထမ်းများ ရုံးဆင်း၊ ရုံးတက်ပြုလုပ် ရခြင်း ရှိမရှိ အခြေအနေ နှင့်ပတ်သက်၍ စက်ရုံအနီးနေ ဒေသခံတစ်ဦးက ပြောသည်။

မီးလောင်မှုကိုငြှိမ်းသတ်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ပြီး ၁၇ ဦးမှာ ဆေးရုံမှပြန်ဆင်းလာပြီဖြစ်ကာ ကျန်နှစ်ဦးမှာ ဒဏ်ရာမစိုးရိမ်ရကြောင်း သိရသည်။

Grand Royal အရက်ချက်စက်ရုံသည် ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ကာ မီးလောင်ကျွမ်းခဲ့ ပြီး ဇန်နဝါရီ ၁၄ ရက် နံနက် ၇ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း Myanmar Fire Service Department က ထုတ်ပြန်ထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly