တရုတ်မှောင်ခိုပစ္စည်းတင်သွင်းမှုပြဿနာကို ပေကျင်းခရီးစဉ်အတွင်း ဖိလစ်ပိုင်သမ္မတ ဆွေးနွေးခဲ့သင့်ကြောင်း စင်ကာပူသတင်းစာတွင် ဖော်ပြ

By ANI 
16 January 2023
တရုတ်မှောင်ခိုပစ္စည်းတင်သွင်းမှုပြဿနာကို ပေကျင်းခရီးစဉ်အတွင်း ဖိလစ်ပိုင်သမ္မတ ဆွေးနွေးခဲ့သင့်ကြောင်း စင်ကာပူသတင်းစာတွင် ဖော်ပြ

ဖိလစ်ပိုင်သမ္မတ ဘွန်ဘွန်းမားကို့စ်၏ တရုတ်နိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ်အတွင်း တရုတ်နိုင်ငံမှ မှောင်ခိုကူးသန်းရောင်းဝယ်မှု ပြဿနာကို ထည့်သွင်းဆွေးနွေးခဲ့သင့်သည်ဟု စင်ကာပူအခြေစိုက် The Straits Times သတင်းစာက ဖော်ပြသည်။
တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်နိုင်ငံဖြစ်သောကြောင့် ဖိလစ်ပိုင်သမ္မတသည် တရုတ်အား ဖိအားပေးလုပ်ရပ်များတောင်းဆိုခြင်းကို ရှောင်ရှားပေလိမ့်မည်။  သို့သော် တရားမဝင် ကုန်သွယ်မှုကြောင့် ဖိလစ်ပိုင် စီးပွားရေးအပေါ် သက်ရောက်မည့် ထိခိုက်မှုများကိုလည်း လျစ်လျူရှု၍မရကြောင်း သတင်းတွင်ဖော်ပြထားသည်။  
တရုတ်နိုင်ငံသားဦးဆောင်သော အဖွဲ့တစ်ဖွဲ့သည် နိုင်ငံတွင်းသို့ ကြက်သွန်နီအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များကို မှောင်ခိုတင်သွင်းခဲ့ပြီး ယမန်နှစ်ထက် စျေးနှုန်း ၃ ဆ ပိုတက်လာကာ အမဲသားစျေးနှုန်းမှာ  ၄၀ ရာခိုင်နှုန်း ပိုများနေကြောင်း ဖိလစ်ပိုင်အောက်လွှတ်တော် အယ်လ်ဘေးခရိုင် ၂ မှ ကိုယ်စားလှယ် ဂျိုဝီဆဲလ်စီဒါက ပြောသည်။
“ဒီအဖွဲ့က သယ်ယူပို့ဆောင်တာတွေ တင်သွင်းခွင့်ပါမစ်တွေနဲ့ သန့်ရှင်းမှုစစ်ဆေးတဲ့အထိ မှောင်ခိုကူးတဲ့ဖြစ်စဉ် အဆင့်တိုင်းမှာ နိုင်ငံတွင်းက စိုက်ပျိုးရေးထုတ်ကုန် မှောင်ခိုကူးမှုကို ထိန်းချုပ်ထားပါတယ်။ အဓိကလုပ်ဆောင်သူတွေဟာ တရုတ်လူမျိုးတွေနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေလို့ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ သင်္ဘော၊ ဆိပ်ကမ်း၊ စစ်ဆေးရေးဂိတ်၊ သီးသန့်ခွဲထားတဲ့နေရာ၊ ဂိုဒေါင်တွေနဲ့ စီးပွားရေးဇုန်တွေမှာ သူတို့လူတွေရှိပါတယ်။ နေရာတကာမှာ ရှိနေကြပါတယ်” ဟု ဆဲလ်စီဒါ ၏ ပြောကြားချက်ကို The Straits Times သတင်းစာက ကိုးကားဖော်ပြသည်။
အဆိုပါ မှောင်ခိုကူးအဖွဲ့သည် အဓိကလယ်ယာစိုက်ပျိုးရေးထွက်ကုန်များ ရောင်းချမှုကို ထိန်းချုပ်ထားခြင်းကြောင့် အခြေခံကုန်စည်နှင့်ဝန်ဆောင်မှုဈေးနှုန်းများသည် ယမန်နှစ် နိုဝင်ဘာလက ၁၄ နှစ်အတွင်း ၈ ရာခိုင်နှုန်းအထိ  မြင့်တက်လာသည်ဟု ဂျိုဝီဆဲလ်စီဒါက ပြောသည်။
အကောက်ခွန်ဗျူရို (BOC) သည် နိုဝင်ဘာ ၁၂ ရက်မှစပြီး ၄၂ ရက်အတွင်း ကြက်သွန်အနီနှင့်အဖြူ ကွန်တိန်နာ ၂၅ လုံးအပါအဝင် ပီဆို ၂၅၃ သန်း (ဒေါ်လာ ၆ ဒသမ ၁ သန်း) တန်ဖိုးရှိ စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့သည့် ကွန်တိန်နာပေါင်း ၆၀ ကို သိမ်းဆည်းရမိခဲ့သည်။
မနီလာနှင့် စူဘစ် ဆိပ်ကမ်းများတွင် ကြားဖြတ်ဖမ်းယူခံရသော ကွန်တိန်နာ ၃ ပုံ ၁ ပုံသည် တရုတ်နိုင်ငံမှ ရောက်ရှိလာပြီး ပါဝင်သောပစ္စည်းအမည်တွင် ပေါက်ဆီနှင့် အေးခဲထားသော ပင်လယ်စာများဟု မှားယွင်းစွာ တံဆိပ်ကပ်ထားကြောင်း The Straits Times က ဖော်ပြခဲ့သည်။ အကောက်ခွန်ဗျူရို (BOC) က ၂၀၂၂ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်မျိုးစုံအပါအဝင် ပီဆို ၂၃ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ မှောင်ခိုပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း BOC ကော်မရှင်အရာရှိ ယိုဂီဖိုင်လ်မွန်ရဇ် က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံရှိ ရေလုပ်သားအဖွဲ့ Samahanng Nagkakaisang Marinong Pilipino (SMNP) ကလည်း  မကြာသေးမီက နိုင်ငံအတွင်းရှိ တရုတ်သောင်တူးသင်္ဘောများအတွက် ဖိလစ်ပိုင်နိုင်ငံသားများကို အလုပ်မခန့်သည့်အပေါ် ဖိလစ်ပိုင်နိုင်ငံ၏ အလုပ်သမားနှင့်အလုပ်အကိုင်ဦးစီးဌာန (DOLE) နှင့် ရွှေ့ပြောင်းအလုပ်သမားများဌာနတို့အား မေးခွန်းထုတ်ခဲ့သည် ဟု The Geneva Daily က ဖော်ပြခဲ့သည်။
တရုတ်က ရန်ပုံငွေထောက်ပံ့ထားသော စီမံကိန်းများသည် ဒေသခံအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများကို  အသိပေးရန်၊ ဆွေးနွေးရန်၊ မေတ္တာရပ်ခံရန်နှင့် မကျေနပ်ချက်များဖြေရှင်းရန် ပျက်ကွက်ကြကြောင်း သတင်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly