ယူကရိန်းစစ်ပွဲတွင် ရုရှားဆုံးရှုံးမှုက ထိုင်ဝမ်ကို သိမ်းပိုက်လိုသော တရုတ်၏ အကြံအစည်ကို သတိပေးနေ  

By ANI
16 January 2023
ယူကရိန်းစစ်ပွဲတွင် ရုရှားဆုံးရှုံးမှုက ထိုင်ဝမ်ကို သိမ်းပိုက်လိုသော တရုတ်၏ အကြံအစည်ကို သတိပေးနေ  

ရှရှားစစ်တပ်သည် ယူကရိန်းတွင် တပ်ဖွဲ့ဝင်၊ ပစ္စည်းနှင့် တိုက်ပွဲဆုံးရှုံးမှုများ ရင်ဆိုင်နေရသောကြောင့်   အီတလီမှ ပထဝီဝင်နိုင်ငံရေး ကျွမ်းကျင်သူ ဆာဂျီယိုရီစတယ်လီက နယ်ချဲ့ဝါဒဆန်သောရည်မှန်းချက်များနှင့် စစ်ပွဲကြီးများသည် ခေတ်ကုန်သွားပြီဟု ထိုင်ဝမ်ကို အင်အားသုံးသိမ်းပိုက်ရန် အိပ်မက်မက်နေသည့် တရုတ်နိုင်ငံမှ ရန်လိုသူများကို သတိပေးလိုက်ကြောင်း The Times of Israel တွင်ဖော်ပြထားသည်။
“နက်နဲတဲ့ ကူးသန်းရောင်းဝယ်ရေး၊ နည်းပညာနဲ့ လူအချင်းချင်း ဆက်သွယ်မှုတွေနဲ့ မထိန်းချုပ်နိုင်လောက်အောင် ချိတ်ဆက်မှုတွေရှိနေတဲ့ ဒီကနေ့ကမ္ဘာကြီးဟာ နိုင်ငံရေးအရ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ရက်စက်ကြမ်းကြုတ်တဲ့ အင်အားစုတွေ အသုံးချလို့မရဘူးဆိုတာ အထင်အရှားပါပဲ” ဆာဂျီယိုရီစတယ်လီက ဆိုသည်။
ကမ္ဘာ့နိုင်ငံများအသိုက်အဝန်းတစ်ခုလုံး၏ အကျိုးစီးပွားသည် ငြိမ်းချမ်းရေးဆီသို့ ဦးတည်နေပြီး အင်အားသုံးခြိမ်းခြောက်မှုများသည် အဖြေမဟုတ်ဟု ရီစတယ်လီက အစ္စရေးနိုင်ငံထုတ် သတင်းစာတွင် ဆောင်းပါးရေးသားခဲ့သည်။ "ရုရှားဟာ အခုအခါမှာ အားအင်ဆုတ်ယုတ်လာပြီးတော့ ပေးဆပ်မှုကြီးမားတဲ့ စစ်ပွဲကို ဆင်နွှဲနေရတာပါ” ဟု ရီစတယ်လီက ပြောသည်။
ထိုင်ဝမ်အပေါ် တရုတ်၏ အဆက်မပြတ် ရန်စမှုသည် နယ်မြေပြန်လည်ရရှိရေးဆော်ဩနေသော ရုရှားနှင့် အလားသဏ္ဍာန်တူကြောင်း ရေးသားထားသည်။
ထိုင်ဝမ်၏ လက်ရှိအနေအထားကို ပြောင်းလဲရန် တရုတ်၏ စစ်ရေးကြိုးပမ်းမှုတိုင်းသည် တရုတ်စီးပွားရေးအပေါ် ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ခံရမည်ဖြစ်သလို ထိုင်ဝမ်အတွက် စစ်ရေးနှင့်ငွေကြေးအကူအညီများ ပေါများ လာမည်ကို တရုတ်က ကောင်းစွာသိရှိထားသည်ဟု ရီစတယ်လီက ပြောသည်။
တရုတ်စစ်တပ်သည် ကမ္ဘာပေါ်တွင် ဒုတိယအင်အားအကြီးဆုံး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အနောက်တိုင်းပူးပေါင်းတပ်ဖွဲ့များ ကျောထောက်နောက်ခံပြုထားသော ထိုင်ဝမ်ကို အရှုံးခံပြီးတိုက်နိုင်မည်မဟုတ်ဟု ရီစတယ်လီက ဆိုသည်။ 
“တရုတ်အမြင်က ကြည့်မယ်ဆိုလျှင် ဒီဗျူဟာတစ်ခုလုံးရဲ့ ဆိုးရွားတဲ့အနေအထားအပြင် ဖြစ်လာနိုင်တဲ့ စစ်မြေပြင်ရဲ့ အသွင်အပြင်ကလည်း ထိတ်လန့်စရာပါပဲ။ ရုရှားက ယူကရိန်းကို တိုက်ခိုက်ရာမှာ ဆက်သွယ်ရေးနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို စိတ်ချယုံကြည်စွာသုံးနိုင်ခဲ့ပေမယ့် ထိုင်ဝမ်မှာ တရုတ်က တိုက်ခိုက်မယ်ဆိုရင် သဘာဝအခြေအနေအရ ရေတပ်ကို မဖြစ်မနေ အသုံးပြုရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ထိုင်ဝမ်ကို တိုက်ခိုက်ပါက ဖြစ်ပေါ်လာမည့် တပ်အင်အားဆုတ်ယုတ်မှုနှင့် စစ်ရေးဆုံးရှုံးမှုကို နားလည်ရန်သဘောပေါက်ရန် တရုတ်စစ်ဘက်ဆိုင်ရာ အစီအစဉ်ချမှတ်သူများကို ကောင်းကောင်း အကြုံပြုသင့်သည်ဟု ရီစတယ်လီက ရေးသားထားသည်။
တရုတ်သည် ယူကရိန်းစစ်ပွဲမှ သင်ခန်းစာများကို ရယူရမည်ဖြစ်သလို နိုင်ငံ့မူဝါဒများသည် တရုတ်အား ထိုင်ဝမ်တွင် စစ်ရှုံးမည့်အဖြစ်သို့ မရောက်စေသင့်ကြောင်း ကျွမ်းကျင်ပညာရှင်က အကြုံပြုထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly