အင်ဒို-ပစိဖိတ်ဒေသတွင် လွှမ်းမိုးနိုင်မှုလျော့ကျလာသော တရုတ် မုသားများပြောဆိုလာ

By  ANI
16 January 2023
အင်ဒို-ပစိဖိတ်ဒေသတွင် လွှမ်းမိုးနိုင်မှုလျော့ကျလာသော တရုတ် မုသားများပြောဆိုလာ

အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်၏ ပြင်းထန်သော စိန်ခေါ်မှုများကိုရင်ဆိုင်နေရသည့် တရုတ်အစိုးရသည်  ယခုအခါ ၎င်းဒေသရှိ အစီအစဉ်များအောင်မြင်မှုရှိကြောင်း မဟုတ်မမှန်ပြောဆိုကာ ကမ္ဘာကို လှည့်ဖြားရန် ကြိုးစားနေသည်။  
ဥရောပသမဂ္ဂ (အီးယူ) သည် ထိတွေ့ဆက်ဆံမှုကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်သည့် အင်ဒို-ပစိဖိတ် မဟာဗျူဟာကို ဖော်ဆောင်ထားသောကြောင့် တရုတ် စိုးရိမ်ထိတ်လန့်နေသည့် အကြောင်းရင်းကို နားလည်သဘောပေါက်နိုင်ပေသည်။ အီးယူသည် အင်ဒို-ပစိဖိတ်ဒေသကို သဘာဝမိတ်ဖက်ဒေသများအဖြစ် ရှုမြင်သည်။
တရုတ်နိုင်ငံ၏ ရန်လိုသည့် ပြုမူလှုပ်ရှားမှုများကို စစ်ဆေးရန်နှင့် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ ဖြစ်လာစေရန် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် အတူတကွ ပူးပေါင်းလုပ်ဆောင်နေကြသည်။ တစ်ကမ္ဘာလုံးတွင် ဒီမိုကရေစီကို ခုခံကာကွယ်ရန် စိတ်အားထက်သန်သော အမေရိကန်သည် ကမ္ဘာတစ်ဝန်းတွင် အာဏာရှင်စနစ်ကို အကောင်အထည်ဖော်လိုသော တရုတ်၏ ခြေလှမ်းများကို တားဆီးရန် လုပ်ဆောင်လာသည်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်ခြိမ်းခြောက်မှုနှင့် ပင်လယ်ရေပြင်တစ်ခုလုံးကို ဗိုလ်ကျစိုးမိုးမည့်အားထုတ်မှုများကို တုံ့ပြန်ရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများက တခြားဒေသများ၏ပဋိပက္ခမှ အိန္ဒိယနှင့်ပစိဖိတ်သမုဒ္ဒရာဘက်သို့ ဦးလှည့်လာသောကြောင့်  တရုတ်မှာ ချောက်ချားလာသည်။
တရုတ်သည် ချမှတ်ထားသော ကုလသမဂ္ဂသဘောတူညီချက်များနှင့် နိုင်ငံတကာရေကြောင်းဥပဒေများကို ဖီဆန်သောကြောင့် အင်အားကြီးနိုင်ငံများသည် အနာဂတ်အတွက် ပိုမိုပေါင်းစည်းရေးအခြေခံအုတ်မြစ် တည်ဆောက်ရန်နှင့် နိုင်ငံတကာဥပဒေအောက်တွင် သဘာဝပိုင်ဆိုင်မှုများကို နိုင်ငံအားလုံးအတွက် အခွင့်အရေးအဖြစ် ညီတူညီမျှရရှိစေရန်  အတူတကွ လုပ်ဆောင်လာကြသည်ဟု The Singapore Post ဖော်ပြခဲ့သည်။ 
ပစိဖိတ်ဒေသတစ်ဝန်းတွင် တရုတ်၏ဘဏ္ဍာရေးအထောက်အပံ့မှာလည်း  ကျဆင်းလာသည်။ အမေရိကန်ဒေါ်လာ ၂၈၇ သန်း အများဆုံး ထောက်ပံ့ခဲ့ရာမှာ ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၇ သန်း အထိ ကျဆင်းသွားခဲ့ကာ ၂၀၀၈ ခုနှစ်နောက်ပိုင်း အနည်းဆုံးဖြစ်သည်။
တရုတ်က  ယူနန်ပြည်နယ် ကူမင်းမြို့တွင် နိုဝင်ဘာ  ၂၁ ရက်က ကျင်းပသော ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အိန္ဒိယသမုဒ္ဒရာဖိုရမ်သို့  နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ကိုယ်စားလှယ်များ အမှန်တကယ် တက်ရောက်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ ထိုဖိုရမ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အချိတ်အဆက်ရှိကြောင်း The Singapore Post က ဖော်ပြသည်။ 
မော်လ်ဒိုက်နှင့် သြစတြေးလျတို့က  ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က ကျင်းပသည့် ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တရုတ်-အိန္ဒိယသမုဒ္ဒရာဖိုရမ်သို့ တတ်‌ရောက်သည်ဆိုသော တရုတ်ပြောဆိုမှုကို ချက်ချင်း ငြင်းဆိုခဲ့သောကြောင့်  အိန္ဒိယသမုဒ္ဒရာတွင် တရုတ်၏ ချုပ်ကိုင်မှု ဆုံးရှုံးနေသည်ကို ထင်ဟပ်ပြသနေသည်။
အဆိုပါဖိုရမ်သို့ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မြန်မာ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်၊ နီပေါ၊ အာဖဂန်နစ္စတန်၊ အီရန်၊ အိုမန်၊ တောင်အာဖရိက၊ ကင်ညာ၊ မိုဇမ်ဘစ်၊ တန်ဇန်းနီးယား၊ ဆေးရှဲလ်၊ မဒါဂတ်စကာ၊ မောရစ်ရှ၊ ဂျီဘူတီနှင့် သြစတြေးလျတို့ တတ်‌ရောက်ခဲ့သည်ဟု တရုတ်ကဆိုသည်။
တရုတ်၏ဖိုရမ်သို့ တက်ရောက်လာသူများထဲမှ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ကင်ညာ၊ ဂျီဘူတီနှင့် နီပေါတို့သည် ခါးပတ်လမ်းစီမံကိန်းချေးငွေကြောင့် တရုတ်အပေါ် ကျေးဇူးကြွေးရှိနေသလို မြန်မာနိုင်ငံမှ ဖိနှိပ်သောအာဏာသိမ်းစစ်တပ်နှင့် အာဖဂန်နစ္စတန်မှ ပိတ်ပင်ရေးသမား တာလီဘန်တို့သည် အာဏာဆက်တည်မြဲရန် တရုတ်၏ ပံ့ပိုးကူညီမှုအပေါ် မှီခိုနေရသည်။
မော်လ်ဒိုက်က အစည်းအဝေးတတ်ရန် ငြင်းဆိုခဲ့သလို သြစတြေးလျကလည်း မတက်ရောက်ခဲ့ပေ။ ဩစတြေးလျသည် ဖိတ်ကြားခြင်းခံရသော်လည်း အစည်းအဝေးသို့ မတတ်ရောက်ခဲ့ကြောင်း The Singapore Post က ဖော်ပြခဲ့သည်။ ထို့အတူ အိန္ဒိယကလည်း အစည်းအဝေးတွင် မပါဝင်ဘဲ ရှောင်နေခဲ့သည်။
“မီဒီယာများတွင် ဖော်ပြထားသလို မဟုတ်ဘဲ ကူမင်း၌ကျင်းပသော ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ တရုတ်-အိန္ဒိယသမုဒ္ဒရာဖိုရမ်သို့  သြစတြေးလျအစိုးရအရာရှိတစ်ဦးမှ တက်ရောက်ခဲ့ခြင်း မရှိပါ" ဟု အိန္ဒိယဆိုင်ရာ သြစတြေးလျ မဟာမင်းကြီး ဘယ်ရီအိုဖယ်ရယ်က Twitter တွင် ရေးသားခဲ့သည်။
ဒီမိုကရေစီနိုင်ငံများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် တရုတ်နိုင်ငံကို ချုပ်ကိုင်ရန် ကြိုးပမ်းရာတွင် မဟာမိတ်များနှင့် လက်တွဲလုပ်ဆောင်ရန် အရေးကြီးကြောင်း အလေးပေးဖော်ပြသည့် အမေရိကန်၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာကို The Singapore Post တွင် ဖော်ပြထားသည်။
"သက်ဦးဆံပိုင်စနစ်ဖြင့်အုပ်ချုပ်သူများသည် ဒီမိုကရေစီကို ပျက်ပြားစေရန်နှင့်  ပြည်တွင်း၌ ဖိနှိပ်ချုပ်ချယ်သည့်အုပ်ချုပ်မှုပုံစံကို ပြည်ပသို့ပါ ဖြန့်ကြက်ရန် အချိန်ယူလုပ်ဆောင်နေသည်။ နိုင်ငံတစ်ခု၏ အာဏာသည် ပြည်သူများမှ ဆင်းသက်လာသည် ဆိုသည်ကို နားမလည်နိုင်သောကြောင့် ပြိုင်ဘက်များက ဒီမိုကရေစီကို သက်ဦးဆံပိုင်အာဏာရှင်စနစ်ထက် အားနည်းသည်ဟု လွဲမှားစွာ ယုံကြည်နေကြသည်” ဟု ဂျိုးဘိုင်ဒင်က မူဝါဒ နိဒါန်းတွင် ရေးသားထားသည်။
အမေရိကန်သည် လုံခြုံရေးမဟာဗျူဟာကို ထည့်သွင်းစဉ်းစားပြီး သြစတြေးလျမြောက်ပိုင်းတွင် နျူကလီးယား သယ်ဆောင်နိုင်သော B-52 ဗုံးကြဲလေယာဉ် ၆ စင်းအထိ ဖြန့်ကြက်ချထားရန် ဆုံးဖြတ်ခဲ့သည်။ တော်ဝင်သြစတြေးလျ လေတပ်အခြေစိုက်စခန်း တင်န်ဒဲလ်တွင် တာဝေးပစ်ဗုံးကြဲလေယာဉ်များအတွက် အထူးသီးသန့် အဆောက်အဦများ တည်ဆောက်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်။ အမေရိကန် မရိန်းတပ်သားများသည် သြစတြေးလျတွင် ရှိနေပြီးသားဖြစ်သည်ဟု The Singapore Post သတင်းတွင် ဖော်ပြထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly