တရုတ်နယ်စပ်ပြန်ဖွင့်ခြင်းကြောင့် ဟောင်ကောင်တွင် ဆေးဝါးများ အလုအယက်ဝယ်ယူ

တရုတ်နယ်စပ်ပြန်ဖွင့်ခြင်းကြောင့် ဟောင်ကောင်တွင် ဆေးဝါးများ အလုအယက်ဝယ်ယူ

ဟောင်ကောင်နယ်စပ်ကို ဒီဇင်ဘာ ၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီးနောက် တရုတ်မှ ကိုဗစ်မျိုးကွဲများ စုပြုံဝင်ရောက်လာမည်ကို ဟောင်ကောင်ပြည်သူများက စိုးရိမ်နေကြပြီး၊ ဆေးဆိုင်များတွင် သိုလှောင်ထားသည့် ဆေးစာမလိုသည့် ဖျားနာပျောက်ဆေးဝါးများ ပြတ်လပ်သွားကြောင်း အမေရိကန်အခြေစိုက် Voice of America က ဖော်ပြလိုက်သည်။ 
ကိုဗစ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ၃ နှစ်ကြာ ပိတ်ထားပြီးနောက် ဟောင်ကောင်နှင့် နယ်စပ်ကို ဇန်နဝါရီ ၈ ရက်တွင် ပြန်လည် ဖွင့်လှစ်တော့မည်ဟု တရုတ်အစိုးရက ဇန်နဝါရီလ ၅ ရက်တွင် ကြေညာခဲ့သည်။
ဝင်ရောက်လာသူများကို သီးသန့်ခွဲထားခြင်းမရှိဘဲ ဇန်နဝါရီလ ၈ ရက်မှစ၍ နေ့စဉ် လူ ၆၀ ဝဝဝ ကို တရုတ်-ဟောင်ကောင်နယ်စပ်ကို ဖြတ်ကျော်ခွင့်ပြုတော့မည်ဖြစ်သည်။
နယ်စပ်ပြန်မဖွင့်မီ ဆေးဝါးများကိုအထိတ်တလန့်ဝယ်ယူနေကြသောကြောင့် ဟောင်ကောင်ရှိ ဆေးဆိုင်အများအပြားက အအေးမိဖျားနာခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများအတွက် ဆေးစာမလိုသည့် ဆေးဝါးများကို ခွဲတမ်းဖြင့် ရောင်းချခဲ့သည်။
ဟောင်ကောင်၏ အခြေအနေသည်  တရုတ်ကဲ့သို့ဖြစ်နေခြင်းကြောင့် အာဏာပိုင်များက လူများများဝယ်နိုင်ရေးအတွက် ဆေးများကို ခွဲရောင်းရန် ဆေးဆိုင်များကို ညွှန်ကြားခဲ့ကြောင်း VOA သတင်းတွင်  ဖော်ပြထားသည်။
နယ်စပ်ဂိတ်ဖွင့်သည်နှင့် ဟောင်ကောင်တွင် စီးပွားရေးအရ အရေးပါသော ခရီးသွားလာမှုများမြင့် တက်လာနိုင်သလို တရုတ်ဧည့်သည်များနှင့်အတူ ကိုဗစ်မျိုးကွဲများဝင်ရောက်လာပြီး ဆေးများဝယ်ယူမှု မြင့်တက်လာမည်ကို စိုးရိမ်နေရကြရသည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။
ဟောင်ကောင်သားများသည် အသုံးဝင်မည်ဟုထင်သည့် ဆေးတိုင်းကို ဝယ်ယူနေကြသည်။
ဟောင်ကောင် အုပ်ချုပ်ရေးမှူး ဂျွန်လီက တရုတ်မှ ဝင်လာရောက်သူများကို ရောဂါဓာတ်ခွဲစမ်းသပ်မှုများ မပြုလုပ် တော့ကြောင်းကို  ဒီဇင်ဘာလတွင် ကြေညာခဲ့သည်။
အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့က တရုတ်ခရီး သွားများကို ကန့်သတ်မှုများ ပြုလုပ်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly