တရုတ်နယ်စပ်အတွက် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များ အိန္ဒိယ ဝယ်ယူမည်

By Taipei Times
16 January 2023
တရုတ်နယ်စပ်အတွက် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များ အိန္ဒိယ ဝယ်ယူမည်

ဒေသတွင်းတွင် စစ်ရေးပဋိပက္ခများ အရှိန်မြင့်လာပြီး နှစ်နိုင်ငံကြား ရန်လိုမှုများဖြစ်ပေါ်နေသည်မှာ ၃ နှစ်ထဲ ရောက်ရှိလာပြီဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံနှင့်နယ်စပ်တစ်လျှောက်တွင် ဖြန့်ကြက်ထားရန် သယ်ဆောင်ရလွယ်ကူသည့် လေကြောင်းရန်ကာကွယ်ရေးပခုံးထမ်းဒုံးကျည်များ ဝယ်ယူသွားမည် ဖြစ်သည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နာဆင်း ဦးဆောင်သည့် ကာကွယ်ရေးလက်နက်ဝယ်ယူရေးကောင်စီသည် တပ်ဖွဲ့ဝင်များ သယ်ဆောင်နိုင်သော အနီးကပ်ပစ် ဒုံးကျည်များ ဝယ်ယူမှုနှင့်ပတ်သက်ပြီး ရှင်းပြခဲ့ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
“မြောက်ဘက်နယ်စပ်တစ်လျှောက် မကြာသေးမီက ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ခြင်းအားဖြင့် လူနဲ့ အလွယ်တကူသယ်ဆောင်နိုင်ပြီး ကြမ်းတမ်းတဲ့ နယ်မြေမှာ လျင်မြန်စွာ ဖြန့်ကြက်နိုင်တဲ့၊ ထိရောက်တဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်တွေအပေါ် အလေးထားဖို့ လိုအပ်ပါတယ်” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အနီးကပ် အနိမ့်ပိုင်း ဝေဟင်ခြိမ်းခြောက်မှုများကို တုံ့ပြန်ရည်ရည်ရွယ်သည့် အဆိုပါ ဒုံးကျည်ကို အိန္ဒိယ သုတေသနအဖွဲ့အစည်း DRDO မှ ဒီဇိုင်းထုတ်ထားပြီး အမေရိကန်နိုင်ငံထုတ် FIM-92 Stinger မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် ဆင်တူသည်။
အဆိုပါ ကာကွယ်ရေး ဒုံးကျည်စနစ်များသည် မကြာသေးမီက ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ထိရောက်မှုရှိကြောင်း သက်သေပြခဲ့ပြီး ရုရှား၏ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်ရန် အမေရိကန်က ယူကရိန်းသို့ Stinger ဒုံးကျည်စနစ် ၁ ၆၀၀ ထက်မနည်းကို ထောက်ပံ့ပေးနေသည်။
အိန္ဒိယစစ်သား ၂၀ ထက်မနည်းနှင့် တရုတ်စစ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့သည့် နှစ် ၄၀ ကျော်အတွင်း အဆိုးရွားဆုံးဖြစ်သော ၂၀၂၀ ပြည့်နှစ် ဇွန်လ ပဋိပက္ခဖြစ်ပြီးကတည်းက တရုတ်-အိန္ဒိယ အငြင်းပွားနယ်စပ်တလျှောက်တွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။ 
နယ်စပ်ထိန်းချုပ်မျဉ်းဟု ခေါ်သော ၃ ၄၈၈ ကီလိုမီတာရှည်လျားသည့် နယ်စပ်တလျှောက်ရှိ လာဒက်ဒေသ ဟိမဝန္တာဒေသတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အိန္ဒိယအရှေ့မြောက်ပိုင်း နယ်စပ်ဖြစ်သည့် အာရူနာချားလ်ပြည်နယ်၌ ပြီးခဲ့သည့်လက နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များ ရန်ပွဲဖြစ်ပွားခဲ့သည်။
နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ တပ်မှူးများသည် နယ်စပ်ပြဿနာကိုဖြေရှင်းရန် ကြိုးပမ်းသည့်အနေဖြင့် ဆွေးနွေးမှု ၁၇ ကြိမ် ပြုလုပ်ခဲ့သော်လည်း တိုးတက်မှု မရှိသေးပေ။
ဝန်ကြီးဌာနသည် ရဟတ်ယာဉ်များအတွက် ပြည်တွင်းထုတ် တင့်ကားဖျက်ဒုံးကျည်များနှင့် စစ်သင်္ဘောများအတွက် ဘရာမို့စ် သင်္ဘောဖျက်ဒုံးကျည်များ ဝယ်ယူမှုနှင့်ပတ်သက်ပြီး ရှင်းလင်းခဲ့သည်။
စစ်လက်နက်ပစ္စည်းဝယ်ယူမှုအတွက် စုစုပေါင်း ရူပီး ၄၂ ဒသမ ၇၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၂၃ ဒသမ ၇ သန်း) ကုန်ကျမည်ဖြစ်သော်လည်း ဝန်ကြီးဌာနက ယင်းပစ္စည်း ၃ မျိုး၏ ခန့်မှန်းစျေးနှုန်းများကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly