ငွေကြေးစီမံခန့်ခွဲမှုအပေါ်ဝေဖန်မှုများရှိနေသည့် FOEIM ကျောင်းအတွက် စုံးစမ်းစစ်ဆေးမှုအစီရင်ခံစာ မကြာမီထုတ်ပြန်မည်ဟု NUGဆို

By မိုးသောက် (မဇ္ဈိမ)
16 January 2023
ငွေကြေးစီမံခန့်ခွဲမှုအပေါ်ဝေဖန်မှုများရှိနေသည့် FOEIM ကျောင်းအတွက် စုံးစမ်းစစ်ဆေးမှုအစီရင်ခံစာ မကြာမီထုတ်ပြန်မည်ဟု NUGဆို

ဇန်နဝါရီလ ၁၆ ရက်

Free Online Education Institution Myanmar (FOEIM)နှင့်ပတ်သက်သည့် ကြားနာစုံစမ်း‌ရေးအဖွဲ့၏ အဆုံးသတ်အစီရင်ခံစာ တင်သွင်းပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ကြားနာစုံစမ်းရေးအဖွဲ့၏ စုံစမ်းတွေ့ရှိမှုအစီရင်ခံစာကို မိဘပြည်သူများသိရှိစေရန်အတွက် မကြာမီထုတ် ပြန်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနကဆိုသည်။

Free Online Education Institution Myanmar (FOEIM)၏ ငွေကြေးသုံစွဲမှုနှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးပေးပါရန် ရုံးအဖွဲ့ဝင်လေးဦးက ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေး အစိုးရထံ တိုင်တန်းခဲ့ကြောင်း အလွတ်တန်းသတင်းထောက်မရတ်ကျော်သူက နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် “FOEIM တည်ထောင်သူနှင့် ငွေစာရင်းရှင်းတမ်း”ဟူသည့် သတင်းတွင် ဖော်ပြထားသည်။

FOEIM သည် CDM ပြုလုပ်လာသည့် အခြေခံပညာကျောင်းသားကျောင်းသူများအတွက် တော်လှန်ရေး ကာလတွင်ဖွင့်လှစ်ခဲ့သည့် အခမဲ့ကျောင်းတစ်ကျောင်းဖြစ်သည်။ နောက်ပိုင်းတွင် ငွေကြေးကောက်ခံမှု များရှိလာပြီး ရရှိလာသောငွေကြေးများအပေါ် စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး ကျောင်းတည်ထောင်သူ အပေါ် တွင် ဝေဖန်မှုများရှိနေခြင်းဖြစ်သည်။

ထို့သို့သတင်းထွက်လာပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရက အမျိုးသားစီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ တာဝန်ရှိသူများဖြင့် ကြားနာစုံစမ်းရေးအဖွဲ့ကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

သို့သော်လည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ရက်နေ့တွင် “လက်ရှိအခြေအနေသည် နှစ်ဖက်မှ အဖွဲ့ကို ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်မှုအားနည်းပြီး အဖွဲ့ကိုခုတုံးလုပ်အသုံးချနေပါ၍ နှစ်ဖက်ကို စေ့စပ်ညှိ နှိုင်းရန်အတွက် မဖြစ်နိုင်တော့ပါသောကြောင့် ကြားနာစုံစမ်းရေးအဖွဲ့မှ အမျိုးသားညီညွတ်ရေးအစိုးရ၏ ညွှန်ကြားချက် တစ်စုံတစ်ရာမရခင်အထိ ပါဝင်ခြင်းမပြုဘဲ ရပ်ဆိုင်းထားရန်” ညွှန်ကြားခဲ့သည်ကို တွေ့ရ သည်။

ထိုသို့ညွှန်ကြားချက်ထွက်ပေါ်လာပြီး ရက်သတ္တပတ် လေးပတ်အကြာတွင် FOEIM ကျောင်းအတွက် စုံစမ်းစစ်ဆေးမှုများပြီးစီးပြီး မကြာမီတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးမှု အခြေအနေအသေးစိပ်နှင့်ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် NUGဘက်သို့ ဆက်သွယ် ခဲ့သော်လည်း တစ်စုံတစ်ရာတုံ့ပြန်ဖြေကြားခြင်းမရှိပေ။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly