နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၆ ဇန်နဝါရီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၆ ဇန်နဝါရီ ၂၀၂၃ ) 

ဇန်နဝါရီလ ၁၆ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် အလုပ်လုပ်နေသည့် ပညာရေး၊ ကျန်းမာရေး နှင့် စိုက်ပျိုးရေးဌာနက Non CDM ဝန်ထမ်း ၂၇ ဦး အမျိုးသားညီညွတ်ရေးအစိုးရထံ အလင်း ဝင်ရောက်လာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊  ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ်အဖွဲ့တွေ နှင့် ကျေးရွာတစ်ရွာ၏ မိဘ ပြည်သူများ မျက်နှာစုံညီတွေ့ဆုံပွဲကို ဇန်နဝါရီ ၁၅ ရက်တွင်ပြုလုပ်ခဲ့သည်ဟု အမျိုးသား ညီညွတ် ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းကောက်သည့် စစ်ကောင်စီလက် အောက်ခံ ဝန်ထမ်း လေးဦးကို ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အရေးယူရန် စီစဉ်နေကြောင်း NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်းဦးမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ၁၀၃ ရွာမြောက် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် ၁၁၄ ရွာမြောက် ရပ်ကျေးပြည်သူ့ ကာကွယ်ရေးအဖွဲ့ကို လူထုဆန္ဒနှင့်အညီ အောင်မြင်စွာရွေးချယ်ဖွဲ့စည်း ပေးနိုင်ခဲ့သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေးကို ဇန်န ဝါရီ ၁၅ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် တရားမဝင်အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေးတွင် ပါဝင်နေကြသော လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်းများ၊ အကြမ်းဖက်စစ်အုပ်စု တည်တံရေးအတွက် ထောက်ပံ့ ပေးနေသော ထောက်တိုင်များကို ပြင်းထန် ထိရောက်စွာ အရေးယူသွားမည်ဖြစ်သည်ဟု ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ရက်စွဲဖြင့် အသိပေးထုတ်ပြန်သည်။ 

  • စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး သန်းခေါင်စာရင်း နှင့် မဲစာရင်းများ ကောက်ခံရန် ကြိုးစားဆောင်ရွက်လျက်ရှိရာ တရားမဝင် ရွေးကောက်ပွဲအား ပူးပေါင်း ပါဝင်ခြင်းမပြုရန် ပုလဲမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ကြေညာခဲ့သည်။ 

 

တော်လှန်ရေးလှုပ်ရှားမှုများ 

  • ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ပြည်လမ်း၊ တံတားဖြူမှတ်တိုင်အနီး အင်းလျားကန်ပေါင် ပေါ်တွင် ဇန်နဝါရီ ၁၆ ရက်၊ နံနက်ပိုင်းက လက်လုပ်ဗုံးတပ်ထားသည့် ပျက်ကျနေသော ဒရုန်းတစ်စီး တွေ့ရှိခဲ့ကြောင်း၊ အလားတူ မြောက်ဥက္ကလာပမြို့နယ် နှင့် မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာ အရှေ့တောင်ဘက်တို့မှာလည်း ဒရုန်းများ တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ သလ္လာ၀တီ ၁ လမ်းတွင် ဇန်နဝါရီ ၁၅ ရက်၊ နံနက် ၆ နာရီခန့်က စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေသန်းခေါင်စာရင်းကောက်ရန် တက်ကြွ ဦးဆောင်သူ ရာအိမ်မှူး ထွန်းထွန်ဝင်း  ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရသည်။ 

  • နေပြည်တော်၊ သမဝါယမဝန်ကြီးဌာန ရုံးအနီးတွင် ဇန်နဝါရီ ၆ ရက်က လက်နက်ဖြင့် ပစ်ခတ်ရသော ဗုံးသီး ၅ လုံးတွေ့ရှိခဲ့ရပြီး ယင်းတွေ့ရှိမှုကြောင့် ဝန်ကြီးဌာနအနီး လုံခြုံရေးတိုးမြှင့်မှုများရှိနေကြောင်း၊ ဝန်ထမ်းတချို့မှာလည်း ရုံးတက်ရန် မဝံ့မရဲဖြစ်နေကြကြောင်း နေပြည်တော် သမဝါယဝန်ကြီးဌာန ဝန်ထမ်းများထံမှ သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၆ ရက်တွင် ဖက်ဆစ်စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၆ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် တန့်ဆည်ပင်မသပိတ်စစ်ကြောင်း၏ ဦးဆောင်မှုဖြင့်  "တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ"  ဘန်နာကို ကိုင်ဆောင်၍ စစ်အာဏာရှင်တို့၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြု အလိုမရှိကြောင်း ယနေ့ ဇန်နဝါရီ ၁၆ ရက်တွင် ချီတက်သပိတ်မှောက်ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဦးနှောက်ကျေးရွာအုပ်စု၊ ကိုးပင်ကျေးရွာကို ဇန်နဝါရီ ၁၅ ရက်က ဝင်ရောက် မီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သခင်ဒေါင်းညိုအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ဆိုသူများကို ဇန်နဝါရီ ၁၄ ရက်က ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိကြောင်း ကျားသစ်နက် တပ်မတော်က ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ နေအိမ် ၁၁၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့က ဇန်နဝါရီ ၁၀ ရက် မှ ၁၅ ရက်အထိ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် GTC ကျောင်းမှ ထွက်လာသော အရပ်ဝတ်ဖြင့် စစ်ကောင်စီ တပ်ဖွဲ့ လိုက်ပါလာသည့် ယာဥ်နှစ်စီးအား ဇန်နဝါရီ ၁၅ ရက်၊ နံနက် ၅ နာရီခန့်တွင် အနီးကပ်ပစ်ခတ်တိုက် ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကြောင်း Area 71 PDF Monywa အဖွဲ့ သတင်း နှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

  • ပြီးခဲ့သည့် ရက်ပိုင်းက ရေဦးမြို့နယ်တွင်ကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့ဖျက်စီးခဲ့သည့် စစ်ကောင်စီ စစ်ကြောင်း ခင်ဦးမြို့နယ်သို့ဝင်ရောက်လာသည့်အတွက် မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာ ၅ ရွာမှ ပြည်သူ ၃,၀၀၀ ကျော်ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦး သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောသည် ဇန်နဝါရီ ၁၅ ရက်၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Special Task Force – Mandalay မြို့ပြပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။ 

  • မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ပွင့်ဖြူလမ်းမ၊ အောက်ဆိပ်ကျေးရွာအနီးရှိ  စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ လုံခြုံရေးယူပေးနေသည့် ဆုံဆည်းရာ KTV ကို  ဇန်နဝါရီ ၁၃ ရက်တွင် ဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း Oak Awe UG Group မှ ကိုဥဩက ပြောသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်တပ်စခန်ချတပ်စွဲထားသည့် ပျူစောထီးကျေးရွာကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ လက်နက် ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံး ထိခိုက် မှုများရှိခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)က ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည်။ 

  • မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့အဝင်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သရက်၊ ကံမ၊ မင်းတုန်း ပူးပေါင်း ပကဖ လင်းယုန်တပ်ဖွဲ့က ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန်သည်။ 

  • မကွေးတိုင်း၊ သရက်ခရိုင်အတွင်း စစ်ကောင်စီမှကျင်းပမည် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ် မပြု ဆန့်ကျင်ကြောင်းပြသသည့် အနေဖြင့် လဝကရုံးများကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သရက် ၊ ကံမ ၊ မင်းတုန်း ပူးပေါင်းပကဖ လင်းယုန်တပ်ဖွဲ့မှ ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည်။ 

  • ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း၌ ဇန်နဝါရီ ၁၅ ရက်၊ နံနက် ၉ နာရီခန့်က အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် ၈ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အခြေစိုက် တောကြီးမြွေဟောက်အဖွဲ့မှ ရဲဘော်တစ်ဦး ဇန်နဝါရီ ၁၄ ရက်က တိုက်ပွဲအတွင်း ကျဆုံးသွားရာ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က လုယူသွားကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ထားဝယ်-ထီးခီးလမ်းပိုင်း၌ ဇန်နဝါရီ ၁၄ ရက်က ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့မှ စစ်ဆေးမှုပြုလုပ်နေချိန်တွင် မူးယစ်ဆေးဝါးများသယ်ဆောင်လာသော အမျိုးသား လေးဦး ကို ဖမ်းဆီးလိုက်ကြောင်း PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ရှမ်းမလည်ဆွဲရပ်ကွက်၊ ဆေးရုံလမ်း နှင့် ရေသီတာ လမ်းထောင့်ရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီ တပ်ဖွဲ့က ချိပ်ပိတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ 

  • ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်လင်လေးမြို့တွင် ဇန်နဝါရီ ၁၅ ရက်၊ နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သား မိသားစုဝင် သုံးဦး ဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ 

  • CDM များ နှင့် စစ်ဘေးရှောင်ပြည်သူများကို ကူညီမည့် ဒေါ်အောင်ဆန်းစုကြည်၏ သား ကင်မ် နှင့် ပြည်သူအတူတူ ပန်းချီကား ရန်ပုံငွေ Campaign ပြည်သူများအားလုံး ပါဝင်ကြရန် ကင်မ်က  ဖိတ်ခေါ်ထားသည်။ 

  • အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်း နှင့် မကွေး အပါအဝင် တိုင်း နှင့် ပြည်နယ် အသီးသီးက ကျေးရွာများကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ကျူးလွန်ခဲ့ရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ ပြည်သူလူထုနေအိမ် ၅ သောင်းနီးပါး ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း Data for Myanmar က ထုတ်ပြန်လိုက်သည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး နှင့် ဘုရားသုံးဆူကို ဆက်သွယ်ထားသော ကားလမ်းမကြီးကို တစ် ပတ်ကြာ အသုံးပြုခွင့်ယာယီကန့်သတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) က ယနေ့ ဇန်နဝါရီ ၁၆ ရက်တွင် တားမြစ်စာထုတ်ပြန်လိုက်သည်။ 

  • ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူလမ်းပိုင်း အသုံးမပြုရန် တားမြစ်ရခြင်းက ခရီးသွားများ ထိခိုက်မည် စိုးသည့် အတွက်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)​ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး ၏ ပြောဆိုချက်ကို ကိုးကားပြီး လူထုနွေဦးသတင်းဌာနတွင် ဖော်ပြထားသည်။ 

  • ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ အထူးဒေသ ၁ မူပန်ခရိုင်၊ သိန္နီဒေသတွင် စစ်ကောင် စီတပ် နှင့် ကိုးကန့် MNDAA တပ်တို့အကြား ဇန်နဝါရီ ၁၃ ရက်က တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၃၀ ကျော် သေဆုံး ခဲ့ကြောင်း The Kokang က  သတင်းထုတ်ပြန်သည်။ 

  • ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF–Matupi က ယမန်နေ့ ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်ထားသည်။ 

  • စစ်အာဏာရှင် စနစ်ဆိုးကို ဝိုင်းဝန်းတော်လှန်သွားမည်ဖြစ်ကြောင်း တအာင်းတပ်မတော် (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဇန်နဝါရီ ၁၂ ရက်က ကျရောက်သည့် နှစ် (၆၀) ပြည့် တော်လှန်ရေးနေ့ နှင့်ပတ်သက်ပြီး TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန် ခဲ့သည်။ 

 

စစ်ကောင်စီ 

  • နာဂတောင်တန်းဒေသကို ယခုထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသွားမည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဇန်နဝါရီ(၁၅)ရက်က စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ လဟယ်မြို့တွင် ကျင်းပသည့် ၂၀၂၃ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းဒေသတွင် ရော်ဘာတိုးမြှင့်စိုက်ပျိုးရန် လိုအပ်သည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဇန်နဝါရီ ၁၅ ရက်က ဟုမ္မလင်းခရိုင်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။ 

  • စစ်ကောင်စီ၏ ပိတ်ပင်မှုများကြောင့် ပြည်တွင်းတွင် အလုပ်မရှိ၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခံထားရသော CDM ဝန်ထမ်းများသည် စစ်တပ်အတွက် အန္တရာယ်ရှိ၍ ပစ်မှတ်ထားစောင့်ကြည့်ရန် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က အမိန့်ထုတ်ထားကြောင်း စစ်ကောင်စီ ဝန်ထမ်း အသိုင်းအဝိုင်းကနေ သိရသည်။ 

  • တရားရုံးအသီးသီးတွင် ကြားနာစစ်ဆေးဆဲအမှုများ မြန်ဆန်ပြီးပြတ်အောင် ဆောင်ရွက်ရန်လိုသည်ဟု ရန်ကုန်တိုင်း စစ်ကောင်စီ ဥပဒေချုပ် ဦးဌေးအောင်က ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ (၂) တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။ 

  • လစ်လပ်နေရာများတွင် ခန့်ထားရန် ဆရာဝန် (၂၀၀) ကို ဇန်နဝါရီ (၂၇) ရက် နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ခေါ်ယူထားကြောင်း သိရသည်။ 

  • ၇၁ နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုအား စစ်ကောင်စီ လက်အောက်ခံ အသင်းအဖွဲ့အသီးသီးက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်း သဘောထားများထုတ်ပြန်ထားသည်ကို စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ 

  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကိုးလကျော်ကာလအတွင်း ပြည်ပကို လယ်ယာထွက်ကုန်တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ ၃ ဘီလီယံဖိုးခန့်ရရှိထားသည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။ 

  • စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၁၇) နှင့် ပထမနှစ် မဟာဗျူဟာ လုပ်ငန်းအစီအစဉ် (၂၀၂၃)တို့အား ထုတ်ပြန်လိုက် ကြောင်း သိရသည်။  

 

ဇန်နဝါရီ ၁၆ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီမှလည်း ၎င်းတို့၏ထွက်ပေါက်ဖြစ်သည့် ရွေးကောက်ပွဲကို ပြုလုပ်ရန်အတွက် လူဦးရေသန်း ခေါင် စာရင်းကို အတင်းအကျပ် ဖိအားပေးကောက်ခံနေပြီး အမျိုးသားညီညွတ်ရေး အစိုးရနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အသီးသီးမှလည်း အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ခြင်းမပြုရန် ထုတ်ပြန်ထားရာ ပြိုင်ဆိုင်မှု ပြင်းထန်လာသည်ဟု ဆိုရမည်ဖြစ်သည်။ 

  • စစ်ကောင်စီ လက်နက်ချင်း ယှဉ်မတိုက်နိုင်သည့်အခါ ခုခံတော်လှန်ရေးအားကောင်းသည့် ကျေးရွာများကို စစ်ကြောင်းထိုးပြီး ရွာလုံးကျွတ်မီးတင်ရှို့မှုများကို ဆက်လက်ပြုလုပ်နေပြီး အပြစ်မဲ့ပြည်သူများ စစ်ကောင်စီတပ်နှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရသည်ကို တွေ့ရသည်။ 

  • ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူလမ်းပိုင်း အသုံးမပြုရန် KNU မှထုတ်ပြန်ထားသည့်အတွက် ရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်လာဖွယ်ရှိနေသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly