ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ခိုးမှုဖြင့် မြန်မာသားအမိ ၂ ဦး ဖမ်းဆီးခံရ

By ကိုရွှေမြိတ် (မဇ္စျိမ)
16 January 2023
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ခိုးမှုဖြင့် မြန်မာသားအမိ ၂ ဦး ဖမ်းဆီးခံရ

ဇန်နဝါရီလ ၁၆ ရက်

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် အသက်တစ်နှစ်အရွယ်ကလေးငယ်ကိုချီထားသည့် မြန်မာအမျိုးသမီးတစ်ဦး 7-Eleven စတိုးဆိုင်မှ ကလေးပစ္စည်းနှင့်အစားသောက်များ ဝင်ရောက်ခိုးမှု ဖြင့် ဖမ်းဆီးအရေးယူလိုက်ကြောင်း စတ်တဟစ်ရဲစခန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၁၄ ရက်နေ့က ဖော်ပြထားသည်။

အဆိုပါ မြန်မာအမျိုးသမီးသည် 7-Eleven စတိုးဆိုင်ထဲမှ ထိုင်းဘတ် ၁၇၃ တန်ဖိုးရှိ ကလေးအတွင်းခံ အပါဝင် မုန့်ထုပ်နှစ်ထုပ်၊ ခေါက်ဆွဲခြောက်နှစ်ခွက်တို့ကို ခိုးယူခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းသတင်းဌာနတစ်ခု က ရေးသားဖော်ပြထားသည်။

ယင်းအမျိုးသမီးသည် အသက် ၂၇ နှစ် အရွယ်ရှိပြီး နိုင်ငံရေးအခြေအနေကြောင့် လွန်ခဲ့သောတစ်နှစ် ကျော်ခန့်က ထိုင်းနိုင်ငံအတွင်းသို့ ခင်ပွန်းဖြစ်သူနှင့်အတူ တရားမဝင် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကလေးမွေးပြီးချိန်၌ ခင်ပွန်းဖြစ်သူကစွန့်ပစ်ထားခဲ့ပြီး အလုပ်အကိုင်မရှိ၍ လမ်းဘေးတွင်တောင်းရမ်း စားသောက်နေရာမှ ယခုကဲ့သို့ခိုးမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးစဉ် ဝန်ခံထွက်ဆိုခဲ့ကြောင်း ထိုင်း သတင်းဌာနက ရေးသားဖော်ပြထားသည်။

ထိုသို့ မြန်မာအမျိုးသမီးကအမှန်တိုင်းထွက်ဆိုခဲ့၍ ထိုင်းရဲတပ်ဖွဲ့က အစားအသောက်များပြန်လည် လှူဒါန်းပေးခဲ့ပြီး ကလေးဖြစ်သူနှင့် မိခင်ကို ကူညီစောင့်ရှောက်ထားကြောင်း သိရသည်။

သို့သော် ထိုင်းဥပဒေအရ အဆိုပါမြန်မာအမျိုးသမီးကို ခိုးယူမှုကြောင့် အရေးယူသွားမည်ဖြစ်ကြောင်း စတ်တဟစ်ရဲစခန်းက သတင်းထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly