ဂျပန်ကုမ္ပဏီများဖြစ်သော KDDI နှင့် Sumitomo Corporation တို့အား စစ်ကောင်စီကိုပံ့ပိုးမှုများ ချက်ချင်းရပ်တန့်ရန် JFM တောင်းဆို

By 001 (မဇ္စျိမ)
16 January 2023
ဂျပန်ကုမ္ပဏီများဖြစ်သော KDDI နှင့် Sumitomo Corporation တို့အား စစ်ကောင်စီကိုပံ့ပိုးမှုများ ချက်ချင်းရပ်တန့်ရန် JFM တောင်းဆို

ဇန်နဝါရီလ ၁၆ ရက်

စစ်ကောင်စီကထိန်းချုပ်ထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)နှင့် ဖက်စပ်လုပ်ကိုင်နေ သည့် ဂျပန်နိုင်ငံစုံစီးပွားရေးလုပ်ငန်းများဖြစ်သည့် KDDI နှင့် Sumitomo Corporation တို့အနေဖြင့် စစ်ကောင်စီကိုပံ့ပိုးမှုများ ချက်ချင်းရပ်တန့်ရန်တောင်းဆိုကြောင်း Justice For Myanmar က ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“Cognyte ၊ KDDI နဲ့ Sumitomo Corporation တို့မှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သူတို့ရဲ့ ဩဇာကိုသုံးပြီး စစ်အုပ်စုအတွက်ပံ့ပိုးမှုတွေလုပ်နေတာ ချက်ချင်းရပ်တန့်ဖို့ အဲဒီကုမ္ပဏီတွေကို ဖိအားပေးသင့်ပြီး မလိုက် နာခဲ့ရင် ရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်းသင့်ပါတယ်”ဟု Justice For Myanmar၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

KDDI နှင့် Sumitomo Corporation တို့သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က “ဒစ်ဂျစ်တယ် အာဏာရှင်စနစ်” ဖန်တီးကြိုးပမ်းနေသည့်အခြေအနေတွင် စစ်‌ကောင်စီနှင့် စီးပွားရေးဆက်လုပ်နေကြ ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များ၏ ဆက်သွယ်မှု များကို စောင့်ကြည့်ရန်နှင့် တည်နေရာကိုခြေရာခံရန် အီလက်ထရောနစ်စောင့်ကြည့်ထောက်လှမ်းသည့် လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်လာပြီး အဆိုပါလုပ်ရပ်မှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု များဖြစ်ကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။

ထို့ပြင် အစ္စရေးထောက်လှမ်းရေးနည်းပညာကုမ္ပဏီ Cognyte မှာ မြန်မာနိုင်ငံသို့ တရားဝင်ကြားဖြတ်ဖမ်း ယူရေးကိရိယာများ တင်သွင်းရောင်းချရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တင်ဒါကို ၂၀၂၀ ပြည့်နှစ်က အောင်မြင်ခဲ့ကြောင်းလည်း Justice For Myanmar က ဖော်ထုတ်ထားသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် KDDI နှင့် Sumitomo Corporation တို့က မြန်မာနိုင်ငံတွင်

တရားဝင် ကြားဖြတ်ထောက်လှမ်းခြင်းနှင့်ပတ်သက်ပြီး “အလွန်စိုးရိမ်ပူပန်ကြောင်း” ဖော်ပြခဲ့သော်လည်း ထုတ်ပြန် ချက်တွင် ၎င်းတို့၏ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာတာဝန်များနှင့်အညီ စစ်ကောင်စီ၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တိုက်ရိုက်ဆက်နွယ်မှုကို အဆုံးသတ်ရေးအတွက် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြရန်ပျက်ကွက်ခဲ့ကြောင်း သိရသည်။

KDDI နှင့် Sumitomo Corporation တို့အနေဖြင့် စစ်ကောင်စီကိုပံ့ပိုးနေခြင်း ရပ်တန့်ရန် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုများရုပ်သိမ်းရန် JFM က တောင်းဆိုပြီး MPT မှတဆင့် စစ်ကောင်စီ၏ စောင့်ကြည့်ထောက် လှမ်းရေးလုပ်ငန်းနှင့် KDDI ၊ Sumitomo Corporation တို့ကြား ဆက်နွယ်မှုရှိနေသည့်အချက်နှင့် ပတ်သက်ပြီး MIGA အပါအဝင် ၎င်း၏အဖွဲ့ဝင်နိုင်ငံများအတွက် ကြီးကြီးမားမားမေးခွန်းထုတ်စရာ ဖြစ်နေကြောင်းလည်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

Photo- JFM

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly