မြောင်မြို့နယ်တွင် လူဦးရေစာရင်းကောက်သည့် စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ဝန်ထမ်း ၄ ဦး ဖမ်းဆီးခံရ

By 001 (မဇ္စျိမ)
16 January 2023
မြောင်မြို့နယ်တွင် လူဦးရေစာရင်းကောက်သည့် စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ဝန်ထမ်း ၄ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်းကောက်သည့် စစ်ကောင်စီလက် အောက်ခံဝန်ထမ်းလေးဦးကို ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေဖြင့်အရေးယူရန် စီစဉ် နေကြောင်း NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ် ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်းသုံးဦး၊ အမျိုးသား တစ်ဦးတို့ကို ဇန်နဝါလ ၁၄ ရက်နေ့က စစ်ကိုင်းခရိုင် တပ်ရင်း(၅) MRA က ဖမ်းဆီးရမိခဲ့ခြင်းပြီး စစ်ကိုင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင် ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ မိတာကတော့ ခြေရာတော်ကျော် မင်းရွာသစ်ကျောင်းမှာ၊ မဲစာရင်းတွေ မြင်းမူမှာသွားပြီး ပြုစုတာနေမှာပေါ့။ အဲ့ဒီဘက်ကနေ သတင်းအရစောင့်ဖမ်းတာ။ သူတို့က မြောင်မြို့နယ် ကျင်းကျေးရွာ ကပါ” ​မြောင်မြို့နယ် ပြည်သူ့လုံခြုံ​ရေးတပ်ဖွဲ့(ပလဖ) တာဝန်ခံ ဦးမြင့်တင်က​ပြောသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူလေးဦးကို လုံခြုံသည့်နေရာတွင် ထိန်းသိမ်းထားကာ စစ်ဆေးမှုများဆောင်ရွက် ပြီး အမျိုးသားညီညွတ်ရေးအစိုးရထံ အမှုတွဲတင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီက ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ တိုင်းနှင့် ပြည်နယ်များတွင် မြေပြင်လူဦးရေ စာရင်းကောက်ခံခြင်းများ လိုက်လံဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက် ခြင်းမပြုရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

စစ်ကောင်စီကိုအားပေးအားမြှောက်ပြုပြီး မြေပြင်လူဦးရေစာရင်းကောက်ယူမည့် အုပ်ချုပ်ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် အခြားမည်သည့်ထောက်တိုင်မဆို အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေဖြင့် ပြင်းပြင်း ထန်ထန် တရားစွဲဆို အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း NUG က ဇန်နဝါရီလ ၉ ရက်နေ့က သတိပေး ထားသည်။
မြေပြင်ကွင်းဆင်းကောက်ယူမှုများဆောင်ရွက်ရာတွင် တိုက်ခိုက်ခံရပြီး ဒုရဲအုပ်တစ်ဦးနှင့် ရဲ ဒုတပ်ကြပ် တစ်ဦးသေဆုံးမှုလည်းရှိခဲ့ကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#စစ်ကိုင်းတိုင်း
#မြိုင်မြို့နယ်
#လူဦးရေစာရင်း
#ထွေအုပ်ဝန်ထမ်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required