ပုလဲမြို့နယ် ကိုးပင်ကျေးရွာကိုမီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၂ ဦးသေဆုံး

By MTO (မဇ္ဈိမ)
15 January 2023
ပုလဲမြို့နယ် ကိုးပင်ကျေးရွာကိုမီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၂ ဦးသေဆုံး

ဇန်နဝါရီလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဦးနှောက်ကျေးရွာအုပ်စု၊ ကိုးပင်ကျေးရွာကို ယနေ့ ဇန်နဝါရီလ ၁၅ ရက်က ဝင်ရောက်မီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သခင်ဒေါင်းညိုအဖွဲ့မှတာဝန်ရှိသူက ပြောသည်။

“သူတို့ကတစ်ရွာလုံးရှို့ဖို့လာတာ အဲဒါကို ရွာထဲအထိ သူသေကိုယ်သေဝင်ပစ်ခဲ့ရတာ။ ရွာဘုန်းကြီး ကျောင်းမှာတစ်ကြိမ်၊ ရွာလယ်မှာတစ်ကြိမ်၊ သူတို့ပြန်ဆုတ်တော့တစ်ကြိမ် သုံးကြိမ်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ တယ်။ စစ်ကောင်စီတပ်ဖက်က နှစ်ယောက်ကျတယ်။ ကျန်တာတော့ ဒဏ်ရာရတာတွေရှိတယ်” ဟု ၎င်း က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကိုးပင်ကျေးရွာကို ဝင်ရောက်မီးရှို့ခြင်းဖြစ်ပြီး ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှုကြောင့် အိမ်ခြေ ၂၀ ခန့်ကိုသာ မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာ သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကန့်ဒေါင့်ရဲစခန်းသို့ပြန်လည်ဆုတ်ခွာသွားပြီးနောက် သေဆုံးသွားသည့် တပ်ဖွဲ့ဝင်များကို မီးသင်္ဂြိုလ်နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အဆိုပါကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်လာနိုင် သဖြင့် ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြည့်ခြင်းများ ဆောင်ရွက်နေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာထဲသို့ပြန်လည်ဝင်ရောက်လာနိုင်သည့်အတွက် ကိုးပင်ရွာမှပြည်သူများအား ရွာအတွင်းသို့ ပြန်လည်ဝင်ရောက်ခြင်းမပြုကြရန်တားမြစ်ထားပြီး ၎င်းတို့ပိုင်ဆိုင်သော လိုအပ်သည့် ပစ္စည်းမျာကို ကူညီသယ် ဆောင်ပေးခဲ့ကြောင်း သခင်ဒေါင်းညိုအဖွဲ့မှတာဝန်ရှိသူက ဆိုသည်။

ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး များသည် အနီးအနားရှိကျေးရွာများကို ဝင်ရောက်မီးရှို့နေခြင်းဖြစ်ပြီး ပြီးခဲ့သည်ရက်ပိုင်းကလည်း သရက် ကန်၊ သရက်လှ နှင့် တောင်ရွာသစ်ရွာများကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို သခင်ဒေါင်းညိုအဖွဲ့၊ ရိုးမရာဇာကိုစိုင်းအဖွဲ့ နှင့် အခြားမဟာမိတ်အဖွဲ့ များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းနှင့် ဒေသကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုရက်ရှည်လာ သည်နှင့်အမျှ ဒေသကာကွယ်ရေးအဖွဲ့များတွင် ကျည်ဆံနှင့် အခြားလိုအပ်ချက်များရှိလာသည့်အတွက် ပြည်သူများအနေဖြင့် ကူညီပေးကြရန်ကိုလည်း သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူက တောင်းဆိုထား သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly