ဗုဒ္ဓဂါယာဘုရားဖူးများနှင့် MoU လုပ်သားများကိုသာ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးနေ

By ဝေဟင်စိုး (မဇ္ဈိမ)
15 January 2023
ဗုဒ္ဓဂါယာဘုရားဖူးများနှင့် MoU လုပ်သားများကိုသာ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးနေ

ဇန်နဝါရီလ ၁၅ ရက်

နိုင်ငံကူးလက်မှတ်(Passport) ပြုလုပ်ပေးရာတွင် ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားရောက်မည့်သူများ နှင့် အစိုးရအချင်းချင်းချိတ်ဆက်၍ နိုင်ငံရပ်ခြားသို့ ထွက်ခွာအလုပ်လုပ်သူ(MoU) လုပ်သားများကိုသာ ပြုလုပ်ပေးလျှက်ရှိသည်ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

“ရုံးတွေပိတ်တာက တရားဝင်‌ကြေညာပြီးတော့တစ်နိုင်ငံလုံးပိတ်ထားတာ။ လိုင်းပေါ်မှာကြော်ငြာပြီးလုပ် ပေးမယ်ဆိုတဲ့ဟာတွေ ကျွန်တော်တို့ အားမပေးဘူး။ အခုလုပ်ပေးနေတယ်ဆိုတာက ဗုဒ္ဓဂါယာ ဘုရားဖူး အေးဂျင့်တွေနဲ့ MoUတွေကိုပဲ လုပ်ပေးနေတာ။ နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ့်သူတွေ‌ MoU စနစ်နဲ့ အခွန်ဆောင်ထားတဲ့ သူတွေကို ကျွန်တော်တို့ လက်ခံပေးတယ်။ အဲဒီ နှစ်လိုင်းပဲရှိတယ်” ဟု ရှင်းပြသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအား ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဖွင့်လှစ်ရန်လျာထားချက်ရှိသည်ဟု ဆိုသော်လည်း ဖွင့်လှစ်နိုင်မည်မဟုတ်သေးဘဲ၊ လာမည့် ဖေဖော်ဝါရီလအတွင်းဖွင့်လှစ်ရန်ရှိပြီး ယင်းသည် လည်း အတည်ပြု နိုင်ခြင်းမရှိသေးကြောင်း ဆိုသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများကို ယာယီပိတ် ကြောင်း စစ်ကောင်စီကကြေညာထားသော်လည်း ပတ်စ်ပို့နှင့်ပတ်သက်သည့် ဝန်ဆောင်မှုအားလုံး အတွက် နေ့ချင်းပြီး ဆောင်ရွက်ပေးမည်ဟု Passport Service Myanmar အမည်ဖြင့် လူမှုကွန်ရက် စာမျက်နှာတစ်ခုတွင် ကြော်ငြာထားသည်။

၎င်းစာမျက်နှာတွင်" PJ Passport၊ PV Passport အပါအဝင် သက်တမ်းတိုး၊ အပျောက်လျှောက်၊ PJ မှ PV ပြောင်း၊ PV မှ PJ ပြောင်း၊ အသက်အတိုးအလျော့စသည့် ပတ်စ်ပို့နှင့် ပတ်သက်သည့် ဝန်ဆောင်မှုများ အားလုံးကို ပြုလုပ်ပေးမည်" ဟု ကြော်ငြာထားခြင်း ဖြစ်သည်။

ယင်းအတွက် မဇ္ဈိမက Passport Service Myanmar အား ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံဖြေ ကြား ခြင်းမရှိပေ။

“အခု လိုင်းပေါ်မှာ ပတ်စ်ပို့လုပ်ချင်ရင် ကိုယ်လုပ်မယ့်အမျိုးအစားအလိုက် ကျပ် ၁၁ သိန်းတို့ ၁၅ သိန်းတို့ ဆိုပြီးတောင်းနေတာတွေ ကြားနေရတယ်။ စုံနေတာဘဲ။ ကျွန်တော်တို့ အားမပေးပါဘူး။ ကိုယ့်ဟာနဲ့ ကိုယ် ဆုံဖြတ်ကြပေါ့နော်။ အသစ်ကို လုံးဝလုပ်မပေးသေးဘူး” ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် နီးစပ်သူတစ်ဦးက ထပ်မံရှင်းပြသည်။

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ပြုလုပ်မည့်သူတစ်ဦးကလည်း “လိမ်လည်ခံရတာမျိုး ကျွန်မကိုယ်တိုင် တော့ မကြုံဖူးသေးဘူး။ လိုင်းပေါ်မှာ တင်တဲ့ပေ့ချ်စ်တွေကို သိချင်လို့မေးမြန်းတော့လည်း ရေရေရာရာ မပြောဘူး။ Viber က နေဆက်သွယ်ပါဆိုပြီး ပြန်ညွှန်တယ်။ လူကိုယ်တိုင်ဖုန်းရတာတောင် တိတိကျကျ ပြန်မဖြေပေးနိုင်တာကို ကျွန်မတို့က ဘာကို သွားယုံကြည်ရမလဲ။ အဲ့ဒီတော့ မလုပ်ဘူး။ တရားဝင်ရုံးတွေ ပြန်ဖွင့်မှလုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ကိုယ့်အတွက်က အရေးတကြီးလည်း မဟုတ်တာလည်း ပါတာ ပေါ့” ဟုဆိုသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက် နေ့ကနေပြည်တော်၌ ပြုလုပ်သည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး ၅/၂၀၂၂ တွင် ပြည်ပနိုင်ငံများသို့ လူငယ်များထွက်ခွာနေမှုများပြားနေ၍ တင်းကြပ်ကြပ် မတ်ရန်နှင့် ပြည်ပထွက်ခွာသွားသော အလုပ်သမားများအနေဖြင့် လစာ၏ရာခိုင်နှုန်းမည်မျှကို ပြည်တွင်း ပြန်လည်ပေးပို့ရမည်ဆိုသော စာချုပ်ကို လက်မှတ်ရေးထိုးခိုင်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly