ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာမီးရှိုပြီး ဒေသခံ ၂ ဦးကို သတ်ဖြတ်

By ဂျူချန်း (မဇ္ဈိမ)
15 January 2023
ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာမီးရှိုပြီး ဒေသခံ ၂ ဦးကို သတ်ဖြတ်

ဇန်နဝါရီလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ညောင်ကုန်းကျေးရွာကို ဇန်နဝါရီလ ၁၄ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ပြီး ဒေသခံငါးဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဖမ်းဆီးခံရသူများထဲမှ နှစ်ဦးမှာ အသတ်ခံလိုက်ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

“သူတို့(စစ်ကောင်စီတပ်သား)က လည်လှီးသတ်ပြီးတော့ တဲပေါ်မှာတင်ပြီးမီးရှို့ထားခဲ့တာ။ အလောင်းက အကုန်လုံးတော့မလောင်သေးဘူး။ ကျန်တဲ့ လက်ပြန်ကြိုးတုတ်ပြီးဖမ်းခံထားရတဲ့ သူတွေကို ကယ်ထုတ် နိုင်ခဲ့တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ည ၉ နာရီဝန်းကျင်တွင် ကာကွယ်ရေးတပ်ဖွဲ့က အဖမ်းခံရသူတစ်ဦးအား ကယ်ထုတ်နေစဉ် အသတ်ခံရသူ၏ရုပ်အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင်လည်း အဖမ်းခံရသူများကို သွားရောက် ကယ်ထုတ်နိုင်ခဲ့ကြောင်း ဆိုသည်။

ဖမ်းဆီးခံလိုက်ရသူများမှာ ပလူသာရွာမှ ဦးသန်းလွင်၊ ညောင်ကုန်းရွာမှ ဦးနွားတင်၊ ဒေါနု၊ ဒေါ်နှင်းရီနှင့် မဇင်မာအေးတို့ဖြစ်ပြီး ဦးသန်းလွင် (၅၅ နှစ်) နှင့် ဦးနွားတင် (၇၇ နှစ်)တို့ကို စစ်ကောင်စီတပ်က လည်လှီး သတ်ကာ အလောင်းကိုမီးရှို့ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

ဖမ်းဆီးခံရသူများဖြစ်သည့် ဒေါ်နုတွင်လည်ပင်းပြတ်ရှဒဏ်ရာ၊ ဒေါ်နှင်းရီနှင့် မဇင်မာအေးတို့တွင် ဝမ်းဗိုက် ဓားဒဏ်ရာများဖြင့် စိုးရိမ်ရသည့်ဒဏ်ရာများရရှိထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ ညနေ ၄ နာရီခန့်မှစ၍ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးဆိုသူများက အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ညောင်ကုန်းရွာအား မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ညောင်ကုန်းရွာဒေသခံတစ်ဦးထံမှ သိရသည်။

ကန့်ဘလူမြို့နယ်၊ ချပ်ကြီးချပ်သင်းရွာမှ အင်အား ၁၀၀ ခန့်ပါ ခမရ(၃၆၈)က စစ်ကြောင်းထိုး၍ မီးရှို့ဖျက် ဆီးနေခြင်ဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“ချပ်ကြီးကထွက်လာတဲ့ စခ(စစ်ကောင်စီတပ်ဖွဲ့)တွေက ပလူသာကနေ ကျမတို့ရွာကို ဝင်ပြီးမီးရှို့ခဲ့တာ ပါ။ ညဆိုတော့ မီးလောင်နေတာကို ဒီကနေ မြင်နေရတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယခင်ကလည်း ညောင်ကုန်းရွာကို စစ်ကြောင်းထိုးလာသည့်အခါ မကြာခဏ စစ်ရှောင်ခဲ့ရကြောင်းနှင့် ၂၀၂၂ ခုနှစ် ဧပြီလတွင် စစ်ကောင်စီတပ်ဖွဲ့က ရွာကိုမီးရှို့ခဲ့ရာ အိမ်ခြေ ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ကာ ယခုမီးရှို့ဖျက်ဆီးခြင်းသည် ဒုတိယအကြိမ်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ညောင်ကုန်းရွာမှ နေအိမ် ၅၀ ခန့်၊ စပါးတိုက် ၁၅ လုံး၊ စစ်ရှောင်တဲ ခုနစ်လုံးနှင့် သိုလှောင်ထားသော စပါးအများအပြားပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာခြင်းကြောင့် ညောင်ကုန်း၊ ပလူသာ၊ တောင်ယာဆိပ်၊ အောင်ရန်ကင်း၊ မြင်သာဦး၊ သရက်တော၊ မကျီးကုန်း၊ ပင့်သာ(တည်ပင်)၊ ချောင်းကြား၊ ဖလားရ၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စုနှင့် မြဘုံသာ စုစုပေါင်းကျေးရွာ ၁၄ ရွာမှ ဒေသခံထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့ကလည်း အဆိုပါ ခမရ (၃၆၈) စစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ ကျွန်း လှမြို့နယ် ထန်းပင်ကုန်းကျေးရွာနှင့် ကြာတကန်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly