နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၅ ဇန်နဝါရီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၅ ဇန်နဝါရီ ၂၀၂၃ ) 

ဇန်နဝါရီလ ၁၅ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

  • မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ချင်းတွင်းဒေသ၊အခြေခံ စစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယမန့်နေ့ ပြုလုပ်ခဲ့ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးက သဝဏ်လွှာပေးပို့ခဲ့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီနှင့် ချင်းအမျိုးသားတပ်ဦး (CNF) ခေါင်းဆောင်များ အကြား အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်သည့် တွေ့ဆုံပွဲ ကို ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးနယ်မြေများတွင် အခွန်ကောက်ခံငွေ ကျပ် ၃ ဘီလီယံထိကောက် ခံရရှိခဲ့ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရကနေ ပထမဦးဆုံးဖွင့်လှစ်မည့် နွေဦးဖွံဖြိုးရေးဘဏ်ကနေ ရှယ်ယာများကိုအများ ပြည်သူသို့ ရောင်းချပေးမည်ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းက ပြောသည်။ 

  • Free Online Education Institution Myanmar (FOEIM) ဖြစ်စဉ်အတွက် ကြားနာစုံစမ်းရေးအဖွဲ့၏ အပြီးသတ်အစီရင်ခံစာကို အမျိုးသားညီညွတ်ရေးအစိုးရထံသို့ တင်သွင်းခဲ့ပြီးဖြစ်၍ ကြားနာစုံစမ်းရေး အဖွဲ့၏ စုံစမ်းတွေ့ရှိမှုအစီရင်ခံစာကို မိဘပြည်သူများသိရှိစေရန် မကြာမီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • တောင်ကိုရီးယားရောက် မြန်မာများနှင့် ကိုရီးယားများပူးပေါင်း၍ ဆူဝမ်ဘူတာတွင် "ပြည်သူအာဏာ ပြည်သူ့ပြန်ပေး"စာသား ကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ တွင်ပြုလုပ်ခဲ့သည်။ 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာ မှစစ်ကောင် စီခန့် အုပ်ချုပ်ရေးမှူး အောင်ထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Kyaikhto Information Team မှသိရသည်။ 

  • ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် ကရင် ပြည်နယ်၊ ကော့ကရိတ်မြိုနယ်၊ ကျုံဒိုးမြို၊ အမှတ် ၂ ရပ် ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင် အသက် ၆၄ နှစ်သည် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာရှိ နှစ်ပေါင်း ၁၀၀ ကျော် သက် တမ်း ရှိ ခရစ်ယာန် ဘုရားကျောင်း ၊ ဗုဒ္ဓဘာသာ ဗိမာန်တော်ကြီး အပါအဝင် အိမ်ခြေ ၆၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူများက ပြောသည်။ 

  • ကယားပြည်နယ်စစ်ကောင်စီက ဦးဆောင်၍ ယနေ့ လွိုင်ကော်မြို့တော်ခန်းမတွင် ကယားပြည်နယ်နေ့ အခမ်းအနား ကျင်းပနေစဉ် ဒရုန်းဖြင့် ဗုံးကျဲခံရပြီး လူ ၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။ 

  • Burma Liberation Force (BLF)တပ်ဖွဲ့၏ နိုင်ငံရေးဌာနအောက်မှ လှုပ်ရှားမှုတစ်ရပ်ဖြစ်သည့် ကျေးလက်သူ ပုန်စာစဥ် အတွဲ(၁)၊ အမှတ် - ၅ ကို ယင်းမာပင်မြို့နယ် စျေးအတွင်းမှာ ကျေးလက်သူပုန် လူငယ်များက ဇန်နဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် လူထုထံ ဖြန့်ဝေပေးခဲ့သည်။ 

  • ယင်းမာပင်မြို့နယ်တွင် မြသွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၅ ရက်နေ့တွင် အကြမ်း ဖက် စစ်အာဏာရှင် တော်လှန်ရေး သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ကုန်းရွာကို အကြမ်းဖက်စစ်တပ်က ဇန်န ဝါရီလ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် စစ် ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ 
     

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ပြည်သူကို ခြိမ်းခြောက်ပြီး နယ်မြေစိုးမိုးရေးအတွက် အင်အားသုံးပြီးပြုလုပ်ခြင်းသည် စစ်အာဏာရှင်မှ တလျှောက်လုံးလုပ်လာသည်ကို  ပြည်သူက သဘောပေါက်ပြီးသားဖြစ်ပြီး ၎င်းတို့လုပ်ရပ်သည် အကြမ်းဖက် ဖြစ်နေကြောင်း CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက People's Spring သတင်းဌာန၏ မေးမြန်းခန်းတွင် ပြောဆိုထားသည်။ 

  • ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး/တပ်မတော် ဌာနချုပ် ဗစ်တိုး ရီးယားစခန်း ကို စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းမှတိုက်ခိုက်မှုသည် သူရဲဘောကြောင်သော လုပ်ရပ် ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ကဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။ 

  • ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီခရိုင်တွင် ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းMNDAAကထုတ်ပြန်သည်။ 

  • ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ရှိ ကျေးရွာများ သို့ စစ်ကောင်စီတပ်က လက်နက် ကြီးပစ်ခတ်မှုပြုလုပ်ခဲ့၍ ဒေသခံအချို့ သေဆုံးပြီး နေအိမ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း KNUဗဟိုက ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။ 

  • CDF-Matupi တပ်ရင်း(၂) ထိန်းချုပ်နယ်မြေဖြစ်သည့် ငလိုင်ဖက်ကို အကြမ်းဖက် စကစမှ အင်းအား အလုံးအရင်းဖြင့် (တစ်ရာကျော်) ထိုးစစ်ဆင်လာသောကြောင့် ယနေ့နံနက်ပိုင်းမှ စတင်ပြီး CDF-Matupi တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ 

 

စစ်ကောင်စီ 

  • တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲအား နယ်မြေမလုံ ခြုံမှုအကြောင်းပြချက်ဖြင့် ပိတ်ထားရကြောင်း မြို့ခံများထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်-ထီးခီးလမ်းပိုင်း၌ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီခွဲဝန်းကျင် က ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ၁၀ ချက်နီး ပါး အကြောင်းမဲ့ပစ်ခတ်မှု ကြောင့် တစ်ဦးကျဉ်ထိမှန်ပြီး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများထံမှသိရ သည်။ 

  • အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီး ဌာန ကုသရေးဦးစီးဌာနမှာ လစ်လပ်သွားသည့် ရာထူးနေရာ အယောက်၂၀၀ စာအတွက် ဆရာဝန် ဘွဲရရှိထားသူများ ကို လျှောက်လွှာခေါ်ယူနေကြောင်း ထုတ်ပြန်ထားပါတယ်။ 

  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံများတွင် လူဦးရေ ၁၀၀၀ မှာ အနည်းဆုံး ဆရာဝန် ၁ ဦးနှင့် ကျန်းမာရေး လုပ်သားအနည်းဆုံး ၂ ဒသမ ၃ ဦး ရှိသင့်ကြောင်း သတ်မှတ်ထားပေမည့် မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန် လူဦးရေ ၁၀၀၀ မှာ ဆရာဝန် ၀ ဒသမ ၃၇ ဦး၊ ကျန်းမာရေးလုပ်သား ၁ ဒသမ ၄၇ ဦးသာ ရှိနေကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောသည်။ 

  • KNPP နှင့် PDF များက ကယားပြည်နယ်နေ့ အထိမ်းအမှတ္ မုခ်ဦးဖွင့်ပွဲပြုလုပ်နေသည့် ပြည်နယ်ခန်းမ နေရာသို့လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦးသေဆုံးကာ ဒဏ်များရရှိခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေးမှထုတ်ပြန်ထားသည်။ 
     

ဇန်နဝါရီ ၁၅ ရက် သုံးသပ်ချက် 

  • အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ အခွန်ကောက်ခံရရှိမှုကို ကြည့်ခြင်းဖြင့် အစိုးရတစ်ရပ်အဖြစ် ပြည်သူလူထုက အသိအမှတ်ပြုနေသည်ကို ထင်ရှားစွာတွေ့ရသည်။ 

  • အကြမ်းဖက်စစ်ကောင်စီသည် မြေပြင်တွင် စစ်လှုပ်ရှားမှုကောင်းစွာ မလုပ်နိုင်တော့သည့်အတွက် လေယာဉ်ကို အသုံးပြုကာ နိုင်ငံအနှံ့တွင် ပြည်သူထုကိုပါမချန် ဗုံးကျဲတိုက်ခိုက်နေသည်ကို ကြည့်ခြင်းဖြင့် မီးဇာကုန်ဆီခမ်းကာနီး ထတောက်သည့် မီးတောက်လိုပင်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly