ရွှေတောင်မြို့နယ် ရွာသာရွာကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

By ရွှေနွယ် (မဇ္ဈိမ)
14 January 2023
ရွှေတောင်မြို့နယ် ရွာသာရွာကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

ဇန်နဝါရီလ ၁၄ ရက်

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် ၊ ကျီးသဲကျေးရွာအုပ်စုအတွင်းရှိ ရွာသာရွာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးသည် ယနေ့ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပစ်ခတ်ခံလိုက်ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှုး ဦးဇော်နိုင်ဦးသည် လက်မောင်းမှတစ်ဆင့် ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာဖြင့် ကျီးသဲဆေးရုံသို့ ပို့ဆောင်ကာ ယင်းမှတစ်ဆင့် ပြည်ဆေးရုံကြီးသို့ ပို့ဆောင်၍ စိုးရိမ်ရသည့်လူနာအဖြစ် ကုသမှုခံယူနေရသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

"ဒီမနက်ပါဗျ ။ကျီးသဲ ကုလားမတန်းမှာ သေနတ်နဲ့ နှစ်ချက် အပစ်ခံရတာပါ၊ လက်မောင်းကိုထိတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျီးသဲနယ်တစ်ဝိုက်တွင် စကစတပ်(စစ်ကောင်စီတပ်ဖွဲ့)က စစ်ကြောင်းထိုး စစ်ဆေးဖမ်းဆီးခြင်းများ ပြုလုပ်နေသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်၍ တိမ်းရှောင်နေကြရကြောင်း ၎င်းက‌ ပြောသည်။

အဆိုပါ ပစ်ခတ်မှုအား မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဖြစ်‌ကြောင်း မသိရှိရသေးသကဲ့သို့ ပဲခူးတိုင်းအတွင်းလှုပ်ရှားနေသော ဒေသခံ PDF များမှလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးမှာ‌ ကျီးသဲတိုက်နယ် ကြံ့ခိုင်ရေးပါတီ၏ စည်းရုံးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိအုပ်ချုပ်ရေးမှူးဖြစ်လာသူ ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဧပြီလအတွင်းကလည်း လေတပ်ဗိုလ်မှူး( Mi-35P ပိုင်းလော့)ဦးအောင်ကိုဇော် ရွှေတောင်မြို့သို့ ခေတ္တ ပြန်လည်ရောက်ရှိလာစဉ် ဒေသခံတော်လှန်ရေးအင်အားစုများ၏ ရုတ်တရက် တိုက်ခိုက်ခြင်းခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly