နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၄ ဇန်နဝါရီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၄ ဇန်နဝါရီ ၂၀၂၃ ) 

ဇန်နဝါရီလ ၁၄ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အကြမ်းဖက်စစ်တပ်က သောင်းရင်းမြစ်တလျှောက် ကီလိုမီတာ (၄၀)ခန့်တွင် ပြစ်မှုဇုန် (၁၅) ခုကို ဖန်တီးပေး ထားတာကြောင့် ဒေသတွင်းနိုင်ငံပေါင်း ၃၀ လောက်က အပြစ်မဲ့ပြည်သူများလိမ်လည်လှည့်ဖြားခြင်းခံရပြီး လူကုန်ကူးမှုများ အဓိကဖြစ်ပေါ် နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြလိုက်သည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စား ပြုကော်မတီ (CRSH)တို့အကြား တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီ ၁၃ ရက် မနက် ၁၀ နာရီခွဲမှာ ဗီဒီယိုကွန်ဖရင့် ကတစ်ဆင့် ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံရာတွင် ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆက်သွယ် ရေး၊ အခွန် ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့ ကြသည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည့် အကြမ်းဖက်စစ်တပ်အတွက် ဝင်ငွေအဓိက ရနေသောလမ်းကြောင်းတွေဒဏ်ခတ်အရေးယူရန် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က တိုက်တွန်းထားသည်။ 

  • အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အိန္ဒိယပိုင်နက်အတွင်း ဗုံးကျရောက် ခဲ့မှုနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် NGO ပူးပေါင်းညှိနှိုင်းရေးကော်မတီက ပြင်းထန်စွာ ရှတ်ချပြီး အန္ဒိယ အစိုးရ အနေဖြင့် မြန်မာအကြမ်းဖက်စစ်တပ်ကို ချက်ချင်းအရေးယူပေးဆောင်ရွက်ရန် တိုက်တွန်း ကြောင်း ထုတ်ပြန်သည်။ 

  • မကွေးတိုင်း၊ သရက်မြို့နှင့် မင်းတုန်းမြို့တို့ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လဝကရုံးတို့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း လင်းယုန်တပ်ဖွဲ့မှ သတင်းနှင်ပြန်ကြားရေးတာဝန်ခံကို မြတ်၏ ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းတွင် ဖော်ပြထားသည်။ 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကဒတ်ချောင်းကျေးရွာတွင် အကြမ်းဖက်စစ် ကောင်စီသတင်းပေး ဒလန် အကြီးစား ဆယ်အိမ်မှူး ပေါ်ထွန်းနှင့် ၎င်း၏ အပေါင်းပါ တစ်ဦးတို့ ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် ညပိုင်းက သတ်ဖြတ်ခံခဲ့ရကြောင်း Kyaikhto Information Team မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စစ်ကောင်စီ၏ အမှတ် ၁ ခြေလျင်တပ်ရင်းကို ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်မှု အရာရှိရိပ်သာထိမှန်ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ငတက်အိုင်ကျေးရွာနေ အကြမ်းဖက် စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူး အောင်ပုကို ဇန်နဝါရီလ ၁၃ ရက် ည ၇ နာရီခွဲခန့်က ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အရာတော်မြို့၊ စက်မှုလယ်ယာအကြမ်းဖက်စစ်တပ် ဂိတ်ကို ဒရုန်း ဖြင့်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Danger Force LPDF မှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တို့တွင် စစ်သား ၂ ဦး လက်နက်ခဲယမ်းများ နှင့်အတူ CDM ဝင်၊ ငွေကျပ် သိန်း ၈၀ နှင့် ဆုများချီးမြှင့်ကြောင်း သက်ဆိုင်ရာ အဖွဲ့များက သတင်းထုတ် ပြန်သည်။ 

  • စစ်ကောင်စီက ပြုလုပ်မည့်အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်းနှင့် ပူးပေါင်းပါဝင်နေသူများကို ပြည်သူ့သစ္စာဖောက်များအဖြစ် သတ်မှတ်ကြောင်း နေပြည်တော်ဖောင်းဒိုင်း ​ပြောက်ကျားတပ်ဖွဲ့က ယမန်နေ့ ဇန်နဝါရီလ ၁၃ရက်နေ့တွင် ထုတ်ပြန်သည်။ 
     

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက လေးဝါးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ် များနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် သုံးနှစ်အရွယ် ကလေးငယ် တစ်ဦးနှင့် ဘာသာရေးဆရာ ၂ဦးအပါအဝင် ဒေသခံပြည်သူ ၅ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။ 

  • ဇန်နဝါရီလ ၆ ရက်နေ့၊ ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂၆၆ မှ တပ်သား ၁ ဦးသည် CDF -Zophei ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်းCDF-Zophei ထုတ်ပြန်ချက်အရသိရှိရသည်။ 
     

စစ်ကောင်စီ 

  • မြေပြင်လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်စဉ် ဇန်နဝါရီလ ၁၃ရက်နေ့အထိ တိုက်ခိုက်ခံရမှု ၇ကြိမ်အထိရှိခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေး သတင်းစာများတွင် ဖော်ပြထားသည်။  

  • ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ ကျောင်းတွင်းစစ်နှင့် နှစ်ဆုံးစာမေးပွဲများ စစ်ဆေး ကျင်းပမည့် အချိန်စာရင်းများကို ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုရန် ကြိုတင်ပြင် ဆင်နိုင်ရန် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ 

  • ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သံပတ်ကွင်းကျေးရွာ အရှေ့မြောက် (၂.၅) မိုင်အကွာ တောအတွင်း၌ PDF စခန်းတစ်ခု သိမ်းဆည်းခံရကြောင်း စစ်ကောင်စီ မီဒီယာများတွင် ဖော်ပြထားသည်။ 

  • Sim Card မှတ်ပုံတင်မှုအား ယခုလ ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား ပြုလုပ်ရမည်ဖြစ်ပြီး အချက် အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ အချက်အလက်များနှင့် တိုက်ဆိုင် စစ်ဆေး၍ မှန်ကန်မှုမရှိပါက ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီမှ ထုတ်ပြန်သည်။ 

  • ဝေးလံခေါင်ဖျားပြီး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသည့် တိုင်းရင်းသားဒေသများကို စစ်တပ်မှ ကျန်းမာရေးစောင့်ရှောက်မှုများပေးသွားရမည်ဟု အာဏာလုစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောသည်။ 

  • နိုင်ငံရေးပဋိပက္ခတွင် လစ်ဟာသွားသည့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအား ဖြည့်ဆည်းနိုင်ရန် စစ်တပ် ဆေးရုံဆေးပေးခန်းများတွင် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက် ခဲ့ကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့၊ လားရှိုးမြို့၊ ကျောက်မဲမြို့တို့တွင် ယခုဇန်နဝါရီဒုတိယပတ်အတွင်း စစ်ကောင်စီမှ CDM ဝန်ထမ်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်များကို လိုက်လံဖမ်းဆီးလျက်ရှိရာ စုစုပေါင်း ၂၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။ 

  • ခရီးသည်တင်ယာဉ်များမှအပ ကျန်ရှိသည့်မော်တော်ယာဉ်များ သက်တမ်းတိုးရာတွင် ယာဉ်စစ်ဆေးခြင်း မပြုဘဲ သက်တမ်းတိုးခြင်းကို မတ်လကုန်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ 
     

ဇန်နဝါရီ ၁၄ ရက် သုံးသပ်ချက် 

  • မင်းအောင်လှိုင်ဦးဆောင်သည့်စစ်ကောင်စီသည် အာဏာလုအဖွဲ့အစည်းလက်အောက်တွင် မလုပ်ချင်၍   လုပ်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့်ဆရာဝန်များကို အညှိုးဖြင့် လိုက်လံဖမ်းဆီးနေသည်မှာ ယခု ထက်တိုင်ဖြစ်သည်။ယင်းနောက် CDMများပြုလုပ်ကြ၍ ဝန်ထမ်းမလုံလောက်ဟုဆိုကာ စစ်တပ်က ဆရာဝန်များက ဝင်ရောက်ဖြည့်ဆည်းပေးနေရသည့် ပုံစံမျိုးပြုလုပ်နေသည်။ 

  • မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုနေ့စဉ် စစ်ရာဇဝတ်မှုများချိုးဖောက်နေသည်ကို နိုင်ငံတကာ အဖွဲ့အစည်းများမှလည်း အရေးယူရန်တိုက်တွန်းလာသည့်အတွက် စစ်အုပ်စုအနေဖြင့် ပိုမိုကျပ်တည်းလာ ဖွယ်ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly