ဆယ်ဇင်းရွာပျက်သွားစေတဲ့နေ့ သို့မဟုတ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

By အဂမ် (ကချင်မြေ) 
14 January 2023
ဆယ်ဇင်းရွာပျက်သွားစေတဲ့နေ့ သို့မဟုတ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

ဇန်နဝါရီလ ၁၄ ရက်

၂၀၂၂ ခုနှစ် ဩဂုတ် ၉ ရက်နေ့ညသည် ဆယ်ဇင်းရွာသူရွာသားများအတွက်တော့ မေ့မရနိုင်သည့် ကမ္ဘာပျက်ခဲ့တဲ့ ညတစ်ည။ အလျှံငြီးငြီး တောက်လောင်နေတဲ့ မီးတောက်မီးလျှံတွေကြားထဲမှ ပြေးလွှားအော်ဟစ် ငိုယိုသံများစွာနှင့် သေနတ်သံတွေဆူပွက်သွားခဲ့သည်။

စစ်အာဏာသိမ်းတာကို ဆန့်ကျင်သော CDM လှုပ်ရှားမှုမှာပါဝင်ပြီး ဆယ်ဇင်းရွာမှာ လာရောက်ခိုလှုံနေကြသည့် CDM ဆရာဝန် ဇနီးမောင်နှံရှိသည်။ ထိုနေ့က ကချင်အမျိုးသမီးဆရာဝန်မလေးကို ဗုံးဆန်မှန်ကာ နေရာမှာတင်သေဆုံးသွားခဲ့ရချိန်တွင် ဇနီးသည်အလောင်းကိုထွက်ဆွဲသော ခင်ပွန်းသည်ဆရာဝန်ကို စစ်ကောင်စီတပ်က သေနတ်နှင့်ပစ်ကာဖမ်းဆီးသွားခဲ့သည်။ သေဆုံးသူ၏အလောင်းလည်းပြန်မရ၊ အဖမ်းခံရသူလည်း သတင်းအစပျောက်သွားရာမှ နောက်ပိုင်းတွင် စစ်ဘေးရှောင်စခန်းတစ်ခုအတွင်း အသိစိတ်ကင်းလွတ်နေသော ဆရာဝန်လေးကို တွေ့လိုက်ရသည်ဟု ဆယ်ဇင်ရွာဖြစ်ရပ်အခြေအနေကို ရေးသားခဲ့သော CDM ခွဲစိတ်ပါရဂူကြီး ဒေါက်တာစိုးမင်း၏ ကိုယ်တွေ့မှတ်တမ်းတွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ် ရွာကိုစီးနင်းတိုက်ခိုက်မှုတွင် မဲမဲမြင်သမျှပစ်ခတ်မှုပြုခြင်းကြောင့် အလောင်းပြန်ရကာအမည်ဖော်နိင်သော သေဆုံးသူ ခြောက်ဦးရှိပြီး လူ ၃၀ ထက်မနည်းပျောက်ဆုံးနေဆဲဖြစ်သည်။

ဆယ်ဇင်းရွာဆိုသည်က ကချင်ပြည်နယ်၏ တစ်ခုတည်းသော ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ နယ်အတွင်းမှာပါဝင်ပြီး ဥရုချောင်းဘေးတွင် တည်ရှိသည်။ ဖားကန့်မြို့၏ အနောက် တောင်ဘက် မိုင် ၄၀ ခန့်ဝေးပြီး စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသောနေရာတစ်ခုဖြစ်သည်။ မြန်မာပြည်ကို နှစ်စဉ်ဒေါ်လာ ဘီလီယံနှင့်ချီပြီးဝင်ငွေရှာပေးသော၊ ကျောက်စိမ်းတူးဖော်မှုနှင့် ရွှေတူးဖော်ခြင်းတွေကြောင့် အမြဲလိုလို ရေနောက်ကျိနေတတ်သည့်ဥ ရုချောင်း၏ အရှေ့ဘက်ကမ်းက ရှမ်းရွာကြီး ဖြစ်သည်။ ရွာ၏ တောင်ဘက်မှာတော့ နမ့်ပုတ်ချောင်းရှိနေပြီး၊ အမြဲစိမ်းစိုနေသော တောင်တောင်များက ပတ်လည်ဝန်းရံထားသည်။

ဆယ်ဇင်းရွာအနီးမှာ ရွှေမှော်များရှိနေသည့်အတွက် မြန်မာပြည် အနယ်နယ်အရပ်ရပ်က ရွှေတူးဖော်သူများ လာရောက်လုပ်ကိုင်ကြပြီး၊ ရွာထဲမှာပင် ရွှေပန်တိမ်ဆိုင်ပေါင်းက ၄၀ ခန့်ရှိသည်။

ဆယ်ဇင်းက ရှမ်းရွာမကြီးဖြစ်ပေမယ့် မူရင်းဒေသခံများကတော့ ခေတ်ကာလအခြေအနေအမျိုးမျိုးကြောင့် အနည်ငယ်သာနေထိုင်ကြတော့တာဖြစ်ပြီး၊ အများစုကတော့ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ကနေ ရွှေ့ ပြောင်း အခြေချနေထိုင်လာသူ အညာဇာတိသားများဖြစ်ကြသည်။

ဒီရွာကို ရွာကြီးတစ်ရွာအနေနှင့်သာ သိကြသော်လည်း ဘီယာဆိုင်၊ အနှိပ်ခန်း၊ ဇိမ်ခန်း၊ KTV လုပ်ငန်းများနှင့် စည်ကားနေသည့် တောခေါင်ခေါင်ကြီးထဲက မြို့ကြီးတစ်မြို့ဟု ရောက်ဖူးသူတိုင်းက သတ်မှတ်ဖြစ်တတ်ကြသည်။

ရွှေအရောင်းအဝယ်လုပ်သည့် ဤရွာကိုရွာပျက်ကြီးအဖြစ် ဘယ်နေရာကြည့်ကြည့်မီးလောင်ပြင်ဟောင်းအဖြစ်မြင်ရမည့်၊ ပြောင်းလဲပေးမည့်အကြောင်း တရားများက ၂၀၂၂ ခုနှစ်ရဲ့ ဇွန်လအတွင်း စတင်လာခဲ့သည်။

ဇွန်လ ၂၈၊ ၂၉ ရက်များတွင် ဆယ်ဇင်းရွာအတွင်းကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့ဝင်များ ဝင်ရောက်လာရာမှ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်သော ပြည်သူ့ကာကွယ်ရေး (PDF)တို့ ပူးပေါင်းအဖွဲ့နှင့်စစ်ရေးတင်းမာလာခဲ့သည်။ (SNA သည် ဗုဒ္ဓဘာသာ ကိုးကွယ်သူအများစုဖြစ်သော ရှမ်းနီ လူမျိုးများအရေးအတွက် လှုပ်ရှားနေသည့် လက်နက် ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ ကချင်ပြည်နယ်ရှိ မိုးညှင်း၊ မိုးကောင်း၊ ဝိုင်းမော်နှင့် ဖားကန့်ဒေသတဝိုက်တွင် စစ်ရေး လှုပ်ရှားမှုများရှိသည်။ ထိုတပ်ဖွဲ့သည် ခရစ်ယာန် ဘာသာအဓိကကိုးကွယ်တဲ့ ကချင်ပြည်နယ်ရှိ အင်အားအကြီးဆုံး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် နေပြည်တော်က စစ်ကောင်စီတပ်တို့အကြားဖြစ်သော ပဋိပက္ခတွင် မြန်မာစစ်တပ်ဖက်က ပါဝင်မှုရှိနေသည့်အတွက် စစ်ကောင်စီတပ်၏ မဟာမိတ်အဖွဲ့ဟု ကျယ်ကျယ်ပြန့်ပြန့်စွပ်စွဲခံရသည်။)

ဇူလိုင်လ ၁၆ ရက်နေ့မှာ ဆယ်ဇင်းရွာအနီးဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA တပ်မဟာ(၉)လက်အောက်ခံ တပ်ရင်း(၂၆)တပ်က ပိတ်ဆို့တိုက်ခိုက်လိုက်ခြင်းမှစကာ တိုက်ပွဲများက ဆယ်ဇင်ရွာဘက်မှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။

ဩဂုတ် ၈ ရက်နေ့တွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့များက ရွာအနီးရှိ စစ်ကောင်စီတပ်၏ တာဝါတိုင်စခန်းကုန်းနှင့် SNA ၏ ဂိတ်စခန်းတစ်ခုကို သာလွန်အင်အားဖြင့် တိုက်ခိုက်ကာ သိမ်းပိုက်လိုက်သည်။ နောက်တစ်နေ့မှာလည်း ဆယ်ဇင်းရွာက စစ်ကောင်စီတပ်များ အထိုင်ချထားသော ရဲစခန်းကို တိုက်ခိုက်လိုက်ပြန်သည်။

အထိနာသွားသည့် စစ်ကောင်စီတပ်က ထုံးစံအတိုင်း လေကြောင်းပစ်ကူးများ၊ ရဟတ်ယာဉ်များဖြင့် စစ်ကူများပို့ပေးကာ တိုက်လေယာဉ်များဖြင့် ဆယ်ဇင်းရွာကို ၁၀ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ပါတော့သည်။ ထိုနေ့တစ်နေ့လုံး ဗုံးသံသေနတ်သံများနှင့် ဆယ်ဇင်းတစ်ရွာလုံး ဝရုန်းသုန်းကားဖြစ်နေခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးမှုများဖြစ်ပေါ်လာနေခဲ့တော့သည်။ သို့ပေမဲ့လည်း ဆယ်ဇင်းရွာသူရွာသားများကတော့ ပိုမိုကြေကွဲစရာကောင်းသော အခြေအနေကို မြင်တွေ့လာခဲ့ရမည်ဟု မရိပ်မိခဲ့ကြပါ။

ထိုနေ့ည မှောင်ရီပျိုးစ အချိန်တွင် စစ်ကူရောက်လာသော စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်များက ရွာထဲကို ဝင်ရောက်လာကြကာ KIA ဦးဆောင်တဲ့ PDF ပူးပေါင်းအဖွဲ့နှင့် နာရီဝက်ခန့်ကြာ တိုက်ပွဲဖြသည်။ KIA နှင့် PDF ပူးပေါင်းအဖွဲ့က ရွာထဲကနေ ဆုတ်ခွာသွားကြ၍ ရွာအတွင်းခုခံတိုက်ခိုက်သူများ မရှိတော့သည့်နောက် နေအိမ်မီးရှို့၊ သတ်ဖြတ်ခြင်းများကို စစ်ကောင်စီတပ်များ စတင်ပြုလုပ်ပါတော့သည်။

မီးလောင်နေသော နေအိမ်များ မီးထွက်ငြိမ်းသူများကို စစ်ကောင်စီတပ်က ပစ်ခတ်သလို အိမ်မီးလောင်လို့ ထွက်ပြေးနေကြရသည့် ဒေသခံများကိုလည်း‌ တွေ့သည့်နေရာမှတင် ပစ်သတ်ခဲ့ကြောင်း ဆယ်ဇင်းဒေသခံတစ်ဦးက ပြောသည်။

“အဲဒီနေ့က တကယ့်ကို အကြောက်တရားနဲ့ ပြောပြလို့မရလောက်အောင်ပဲဗျာ၊ တုန်လှုပ်ကြောက်ရွံ့ စိုးရိမ်စိတ်တွေနဲ့ အသက်ရှင်သန်ဖို့ ကြိုးစားရခဲ့ရတာပေါ့” ဟု ဆယ်ဇင်းဒေသခံက မဇ္ဈိမကိုပြောသည်။

သတ်ဖြတ်ပြီးနောက် ရုပ်အလောင်းများ မီးရှို့ဖျောက်ဖျက်သလို အကြောင်းမျိုးမျိုးကြောင့် နေအိမ်အတွင်း ရှိနေသူများလည်း မည်သို့မည်ပုံပျောက်ဆုံးသွားကြသည်ကိုလည်း မသိရှိရဘူးလို့ ဒေသခံတို့က ပြောကြသည်။

ဒေသခံများနှင့် သတင်းဌာနများက ဆယ်ဇင်းရွာ မီးရှို့၊ လူသတ်ကိုမှု စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းအဖွဲ့က ကျူးလွန်ခဲ့သည်ဟု ဖော်ပြကြသော် လည်း SNA ကတော့ ၎င်းတို့ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုသည်။

ဩဂုတ် ၁၀ ရက် နံနက် ၄ နာရီဝန်းကျင်ကစ၍ ဒေသခံအများစုမှာ ကား၊ ဆိုင်ကယ်၊ သုံးဘီးအရှိတာတွေဖြင့် ဆယ်ဇင်းရွာနှင့် မိုင် ၂၀ ခန့်ဝေးသည့် ဟောင်ပါးနဲ့ တာမခန်ရွာသို့ စတင်တိမ်းရှောင်ကြတော့သည်။

ဆယ်ဇင်ရွာ စစ်ရှောင်အတော်များများက အခုချိန်ထိအင်းတော်ကြီး၊ ဖားကန့်၊ ဟောင်ပါးနှင့် တာမခန်တို့မှာ သောင်တင်နေကြဆဲဖြစ်သည်။ ဘုန်းကြီးကျောင်း၊ စာ သင်ကျောင်း အစရှိတဲ့နေရာ ရှစ်ခုလောက်မှာ ခိုလှုံနေ ထိုင်နေပြီး မြန်မာပြည်အရပ်ရပ်က အလှုရှင်များ၏ လှူ ဒါန်းကူညီမှုများကို အားပြုနေရဆဲ ဖြစ်သည်။

လက်ရှိအချိန်အထိ အဆိုပါနေရာများတွင်စစ်ရှောင်ဦးရေအားလုံးက ၂၀၀၀ ဝန်းကျင်ရှိနေကြောင်း လူမှုကူညီရေးအဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။ အချို့ကတော့ မြစ်ကြီးနား၊ မိုးညှင်း၊ ဟိုပင်မြို့သို့ ရွေ့ပြောင်းသွားရောက် ခိုလှုံကြသလို မန္တလေးမြို့အထိ ဆက်လက် တိမ်းရှောင်နေကြသူများလည်း ရှိသည်။

မဇ္ဈိမက ကောက်ယူရရှိသောစာရင်းများအရ စစ်ရှောင်ဦးရေမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ နန့်စပိန်းကျေးရွာ (KG) စာသင်ကျောင်းမှာ (အိမ် ထောင်စု - ၂၄စု) ကျား - ၃၆ ဦး၊ မ - ၃၅ဦး စုစုပေါင်း ၇၁ဦး

၂။ တာမခံကျေးရွာ၊ ကေဘီစီဘုရားကျောင်းမှာ အိမ်ထောင်စု (၁၈)ရှိကာ ကျား - ၂၁ ဦး၊ မ - ၃၁ ဦး စုစုပေါင်း ၅၂ဦး

၃။ တာမခံကျေးရွာက အထကကျောင်းမှာလည်း အိမ်ထောင်စု (၁၈၉)စု၊ ကျား - ၃၈၉ ဦးနဲ့ မ - ၃၉၃ ဦး စုစုပေါင်း ၇၈၂ ဦး

၄။ နတ်ရေတွင်းကျေးရွာရှိ နတ်ရေတောင်ဘုန်း ကြီးကျောင်းမှာ အိမ်ထောင်စု (၄၁)စု ၊ ကျား - ၇၅ ဦး၊ မ - ၇၄ ဦး စုစုပေါင်း ၁၄၉ ဦး

၅။ ခိုမဘုန်းကြီးကျောင်းမှာတော့ အိမ်ထောင်စု (၈၉)စုရှိကာ ကျား - ၁၈၅ ဦး၊ မ - ၁၆၈ ဦး စုစုပေါင်း ၃၅၃ ဦး

၆။ ဟောင်ပါးကျေးရွာရဲ့ တောင်ဘက်ရှိ ဘုန်းကြီး ကျောင်းတွင် အိမ်ထောင်စု (၁၉)စု ရှိကာ ကျား - ၄၅ ဦး၊ မ-၄၈ ဦး စုစုပေါင်း (၉၄) ဦး

၇။ ဟောင်ပါးကျေးရွာရဲ့ မြောက်ဘက်ရှိ ဘုန်းကြီး ကျောင်းတွင်တော့ ၆၀ဦးခန့် (အပြောင်းအရွေ့ရှိတဲ့အတွက် စာရင်းအတိအကျမငြိမ်သေး)

၈။ ရွေတောင်ကျော်ကျေးရွာရဲ့ အလကကျောင်းမှာလည်း ၉၀ ဦးခန့် (အပြောင်း အရွေ့များလုပ်နေသေးတဲ့အတွက် စားရင်းအငြိမ်မှတ်ယူလို့မရသေး)

၉။ နမ္မဖြစ်ဓမ္မာရုံနဲ့ မှော်စီစာဘုန်းကြီးကျောင်း ၂၃၀ နှင့် ၂၅၀ဦး ကြား

လက်ရှိမှာတော့ ရွာပျက်ကြီးဖြစ်သွားသော ဆယ်ဇင်းရွာကို ပြောင်ရွှေ့နေထိုင်လာသူအချို့က ခြေဦးပြန်လှည့်ဖို့ စိတ်မကူးကြတော့ဘဲ မိမိရပ်ရွာများသို့သာ အပြီးပြန်သွားကြသူများလည်း ရှိနေသည်။ သို့သော် ပြေးစရာမြေမရှိသည့် ဆယ်ဇင်းမူရင်းဌာနေပြည်သူအချို့မှာ ဘုန်းကြီးကျောင်းနှင့် အိမ်ခြေ အနည်းငယ်ခန့်သာ ကျန်တော့သည့် ဆယ်ဇင်းရွာမှာပဲ ပြန်လည်အခြေချရန် ဒေသခံများက စိတ်ကူးလုပ်ဆောင်နေတာကိုဓာတ် ပုံမှတ်တမ်းများ ကနဦးရရှိခဲ့ပါသည်။ အဆိုပါ ဓာတ်ပုံမှတ်တမ်းများအရ မဇ္ဈိမက ဆယ်ဇင်းရွာက သတင်းရင်းမြစ်များထံ ဆက်သွယ်မေးမြန်နိုင်ခဲ့သည်။

"ကိုယ့်အစီအစဥ်နဲ့ ကိုယ်ပဲ။ အိမ်မပြန်နိုင်ကြသေးတဲ့ သူတွေတော့ များတယ်။ မရှိမဲ့၊ ရှိမဲ့ ရှာထားတာလေးတွေရော ကောင်းတာရော၊ မကောင်းတာရော သူများနောက်ပါသွားပြီဆိုတော့ အခုမှ တစ်ကနေ ပြန်စမယ်ဆို လွယ်တော့မလွယ်ဘူး" ဟု ဆယ်ဇင်းရွာမှာ မွေးကတည်းနေ နေထိုင်သူ ကိုလင်းက ပြောသည်။

ဆယ်ဇင်းရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရသလို လက်ရှိမှာလည်း လက်နက်ကိုင်တွေ ဝင်ထွက်သွားလာပြီး လုံခြုံရေးစိတ်မချရနိုင်သေးသော အခြေအနေဟု ဒေသခံများက ပြောကြသည်။ ဒေသခံများ၏ စစ်ရှောင် ခရီးရှည်ကြီးက အဆုံးမသတ်နိုင်သေးပါ။ တိုက်ပွဲပြီးလျင် ဆယ်ဇင်းရွာ ပြန်အခြေချမည်ဆိုသည့် ဒေသခံများက ဆုံးဖြတ် ချက်ရှိကြသော်လည်း သူတို့အနာဂတ်ဝေဝါးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly