တီးတိန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်ခြင်းကြောင့် ဒေသခံ အရေးပေါ်ဆေးကုသနေရ

By ကိုခင်မောင် (မဇ္ဈိမ)
14 January 2023
တီးတိန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်ခြင်းကြောင့် ဒေသခံ အရေးပေါ်ဆေးကုသနေရ

ဇန်နဝါရီလ ၁၄ ရက်

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့တွင် စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသည် ခြေထောက်တွင် ကျည်ဆန်ထိမှန်ဒဏ်ရာရကာ အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း မြို့နေဒေသခံများထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၈နာရီခန့်အချိန်တွင် တီးတိန်မြို့၊ လွယ်ဘွာလ် ရပ်ကွက်တွင် ပေါက်ကွဲသံများ ကြားရပြီးနောက် စစ်ကောင်စီ တပ်သားများက ရပ်ကွက်အတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“မနက်က ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်တယ်။ ပြီးမှ စစ်သားတွေနဲ့ ရဲတွေက သေနတ်ကို ရမ်းသန်းပစ်နေတာ ။ပြီးတော့ လမ်းဘေးနဲ့ အိမ်ကြားတွေမှာ ရှာဖွေမှုတွေလုပ်နေကြတာ။ ဆိုင်ကယ်နဲ့ အမျိုးသားတစ်ယောက် ပစ်ခတ်ခံရတယ်လို့ ကြားတယ်”ဟု တီးတိန်မြို့နေ ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။

စစ်ကောင်စီ တပ်သားများ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ရပ်ကွက်အတွင်း သွားလာနေသည့် အသက် ၄၀အရွယ် ဒေသခံတစ်ဦး၏ ခြေထောက်တွင် ကျည်ထိမှန်ဒဏ်ရာရရှိပြီး ၎င်းတို့၏ ထိုးကြိတ်ကန်ကျောက်မှုကြောင့် ဦးခေါင်းနှင့် နားများတွင် သွေးထွက်ဒဏ်ရာများဖြင့် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း ၎င်းဒေသခံထံမှ သိရသည်။

ထို့အပြင် လွယ်ဘွာလ်ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း မြို့နေဒေသခံက ဆိုသည်။

ယင်းကဲ့သို့ အများပြည်သူများအား သေနတ်ဖြင့် ခြောက်လှန့်ပြီး ညှဥ်းပန်းနှိပ်စက်သော စစ်ကောင်စီ တပ်သားများအား ၎င်းတို့ကျူးလွန်သော ပြစ်မှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်နှင့် ထိုက်သင့်သော ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်နိုင်ရန် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ - (တီးတိန်၊ တွန်းဇန် ) မှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ယနေ့တွင် သတင်းထုတ်ပြန်သည်။

တီးတိန်မြို့၊ လွယ်ဘွာလ် ရပ်ကွက်အတွင်း ယနေ့ နံနက်အစောပိုင်းက ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများသည် မဲစာရင်းကောက်ယူခြင်းကို တားမြစ်သည့်ကြားမှ ဆက်လက်ကောက်ယူနေသည့်အတွက် စစ်ကောင်စီတပ်သားများ အထိုင်ချတပ်စွဲရာနေရာကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PDF Zoland မှ အသိပေးထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly