ကိုဗစ်-၁၉ အစီအမံချိုးဖောက်မှုအတွက် စွဲချက်တင်မှုများကို တရုတ် ရပ်ဆိုင်း

ကိုဗစ်-၁၉ အစီအမံချိုးဖောက်မှုအတွက် စွဲချက်တင်မှုများကို တရုတ် ရပ်ဆိုင်း

တရုတ်အစိုးရသည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှု စီမံချက်များနှင့် ကျန်းမာရေးနှင့်သီးသန့်ခွဲထားမှုဆိုင်ရာ ပြဋ္ဌာန်းချက်များကို ချိုးဖောက်သူများအား ဇန်နဝါရီ ၈ ရက်မှ စတင်၍ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ခြင်းများ မလုပ်တော့ကြောင်း အာဏာပိုင်များ၏ ဇန်နဝါရီလ ၇ ရက်ထုတ်ပြန်ချက်ကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

သက်ဆိုင်ရာအမှုများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာဥပဒေနှင့် ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အချိန်နှင့်တစ်ပြေးညီ ကိုင်တွယ်ဖြေရှင်းသွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စည်းကမ်းချိုးဖောက်မှုကြောင့် ဖမ်းဆီးခံထားရသည့် သံသယရှိသူများနှင့် တရားခံများအား ဥပဒေနှင့်အညီ လွှတ်ပေးသင့်သလို အမှုကြောင့် ချိတ်ပိတ်သိမ်းဆည်းခံရခြင်း သို့မဟုတ် ထိန်းချုပ်ခံရသည့် ပစ္စည်းများကိုလည်း ပြန်ပေးသင့်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်အစိုးရသည် ကိုဗစ်-၁၉ စီမံခန့်ခွဲမှုကို အဆင့်အေမှ အဆင့်ဘီသို့ ဇန်နဝါရီ ၈ ရက်တွင် လျှော့ချလိုက်ပြီး ကိုဗစ်-၁၉ ကို သီးသန့်ခွဲထားရမည့်ကူးစက်ရောဂါများစာရင်းမှ ဖယ်ရှားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။

တရုတ်တွင် ဒီဇင်ဘာလက ရောဂါထိန်းချုပ်မှုကို ရုတ်ခြည်း ဖြေလျှော့လိုက်ပြီးနောက် မြို့ကြီးများတွင် ကူးစက်မှုများ ပိုမိုများပြားလာစဉ် စည်းကမ်းချိုးဖောက်သူများကို အရေးမယူတော့ကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ တာဝန်ရှိသူများက ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များပေးရန် တရုတ်ကို ထပ်မံတောင်းဆိုခဲ့ကြသည်။

ကိုဗစ်ကူးစက်မှုအတိုင်းအတာကို လျှော့ချဖော်ပြခြင်းနှင့် ကိုဗစ်ကြောင့်သေဆုံးမှုကို အတိအကျ မှတ်ချက်မပြုမှုအတွက်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဝေဖန်ခဲ့သည်။

တရုတ်သည် ဆေးရုံတက်ရောက်ကုသမှု၊ အရေးပေါ်ကြပ်မတ်ဆောင်ရှိ လူနာဦးရေနှင့် သေဆုံးမှုစာရင်းစသည့် ရောဂါ၏အမှန်တကယ်သက်ရောက်မှုကို ပြည့်ပြည့်စုံစုံမဖော်ပြကြောင်း WHO အမှုဆောင်ဒါရိုက်တာ မိုက်ရိုင်ယန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly