TikTok ကုမ္ပဏီ ByteDance က ရာနှင့်ချီသော ဝန်ထမ်းများကို အလုပ်မှ ထုတ်

By SCMP
14 January 2023
TikTok ကုမ္ပဏီ ByteDance က ရာနှင့်ချီသော ဝန်ထမ်းများကို အလုပ်မှ ထုတ်

 

TikTok ၏ မိခင်ကုမ္ပဏီ ByteDance သည် ထိရောက်ပြီးတွက်ခြေကိုက်သော ဖွဲ့စည်းပုံပြင်ဆင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၂ ခုနှစ်ကုန်တွင် ဌာနပေါင်းစုံမှ ရာနှင့်ချီသော ဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း ယင်းကိစ္စနှင့် နီးစပ်သူ ၂ ဦးက ပြောကြားလိုက်သည်။

ယင်းထုတ်ပယ်မှုကြောင့် နေ့စဉ်အသုံးပြုသူ သန်း ၆၀ဝ ရှိသော TikTok ၏ တရုတ်ဗားရှင်း Douyin မှ ဝန်ထမ်း များ၊ ဂိမ်းလုပ်ငန်းပိုင်းနှင့် အိမ်ခြံမြေလုပ်ငန်းပိုင်းမှ ဝန်ထမ်းများ ပါဝင်ခဲ့ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

သို့သော်အလုပ်အကိုင်လျှော့ချမှုသည် တရုတ်၏ အကြီးဆုံးနည်းပညာကုမ္ပဏီကြီးနှင့် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်း ၁ သိန်းကျော်ရှိသည့် ByteDance လုပ်သားအင်အား၏ ရာခိုင်နှုန်းအနည်းငယ်သာ ရှိသည်။

ByteDance သည် ပုဂ္ဂလိကပိုင်ဖြစ်သောကြောင့် လုပ်ငန်းနှင့် ပတ်သက်သည့် အချက်အလက်များကို လူသိ ရှင်ကြားထုတ်ဖော်ပြောကြားရန် မလိုအပ်ပေ။

အလုပ်အကိုင်လျှော့ချခြင်းကို အများအားဖြင့် တရုတ်နည်းပညာကဏ္ဍတွင် စီးပွားရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်းဟု အကြောင်းပြလေ့ရှိပြီး အလုပ်ရှင်များက စွမ်းဆောင်ရည် ညံ့ဖျင်းသူများကို အလုပ်ထုတ်ပစ်သည့် အလေ့အကျင့်တစ်ခုလည်း ဖြစ်သည်။

Alibaba Group Holding နှင့် Tencent Holdings အပါအဝင် အခြားသော တရုတ်အင်တာနက်ကုမ္ပဏီ ကြီးများသည် ၂၀၂၂ ခုနှစ်တွင် အလုပ်အကိုင်ထောင်ပေါင်းများစွာ လျှော့ချခဲ့သည်။

ByteDance တွင် အလုပ်အကိုင်လျှော့ချခြင်းကို တရုတ်မီဒီယာ Jiemian က ပထမဆုံးဖော်ပြခဲ့သည်။

အလုပ်မှ ထုတ်ပယ်ခံရသူများကို အပိုဆောင်း ၁ လစာနှင့် လုပ်သက်ပေါ်မူတည်ပြီး လျော်ကြေးပေးမည် ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly