ဥရောပသမဂ္ဂနိုင်ငံအများစုက တရုတ်နိုင်ငံမှ ခရီးသွားများအား ကိုဗစ်စမ်းသပ်စစ်ဆေးရန် ဆွေးနွေး

ဥရောပသမဂ္ဂနိုင်ငံအများစုက တရုတ်နိုင်ငံမှ ခရီးသွားများအား ကိုဗစ်စမ်းသပ်စစ်ဆေးရန် ဆွေးနွေး

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု များပြားလာခြင်းကြောင့် တရုတ်နိုင်ငံမှ ခရီးသွားများကို ကိုင်တွယ်ဖြေရှင်းမည့် နည်းလမ်းများနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂ ကျန်းမာရေးဝန်ကြီးများသည် သဘောတူညီမှု တစ်ခုရရှိခဲ့သည်။

ဘရပ်ဆဲလ်မြို့တွင် ဇန်နဝါရီလ ၁၀ ရက်က ပြုလုပ်သည့် အစည်းအဝေးအပြီးတွင် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံအနက် နိုင်ငံအများစုက တရုတ်နိုင်ငံမှလာသည့် ခရီးသည်များ အီးယူနိုင်ငံများသို့ မရောက်ရှိမီ ကိုဗစ်-၁၉ စနစ်တကျ စမ်းသပ်မှုခံယူစေချင်ကြကြောင်း ဥရောပကော်မရှင်က ပြောကြားခဲ့သည်။

အီးယူနိုင်ငံများအတွက် တုံ့ပြန်ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ရန် အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီလ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ချမှတ်ထားသည့် ကမ္ဘာ့အတင်းကျပ်ဆုံး အသွားအလာကန့်သတ်မှုများအား ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများအပြီးတွင် တရုတ်သည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ရုပ်သိမ်းလိုက်ပြီးနောက် ရောပသမဂ္ဂက ယခုကဲ့သို့ တုံ့ပြန်ဆောင်ရွက်လာခြင်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အား မျိုးကွဲသစ်များကို စမ်းသပ်ခွင့်ပြုရန် တရုတ်အစိုးရ နှုတ်ဆိတ်နေမှုနှင့်အတူ တရုတ်နိုင်ငံမှ ခရီးသည်များ ရုတ်တရက် စုပြုံဝင်ရောက်လာမှုကြောင့် ဗိုင်းရပ်စ်မျိုးကွဲသစ်များ  ပေါ်ပေါက်လာနိုင်ခြေနှင့်ပတ်သက်၍ ရောပသမဂ္ဂအရာရှိများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ရောဂါကူးစက်မှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် အချက်အလက် ပြည့်ပြည့်စုံစုံမရရှိခြင်းကြောင့် ရောပသမဂ္ဂ နိုင်ငံအများစုက တရုတ်ခရီးသည်များ လေယာဉ်မထွက်ခွာမီ ရောဂါကြိုတင် စမ်းသပ်စစ်ဆေးခြင်းအစီအစဉ်ကို ထောက်ခံခဲ့ကြကြောင်း ဥရောပကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၁၀ ရက်နေ့ အဝေးအပြီးတွင် ပြောကြားခဲ့သည်။

ရောပသမဂ္ဂကျန်းမာရေးဆိုင်ရာ မဟာမင်းကြီး စတယ်လာကိုင်ရီယာကစ်က တာဝန်ရှိသူများသည် မျိုးကွဲအသစ်များကို ခြေရာခံရန် လေယာဉ်ပေါ်နှင့် လေဆိပ်များရှိ ရေဆိုးများကို စောင့်ကြည့်စစ်ဆေးရန်နှင့်  လေ့လာစောင့်ကြည့်မှုများ တိုးမြှင့်သွားရန် အကြံပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်၊ စပိန်နှင့် အီတလီနိုင်ငံတို့သည် ရောပသမဂ္ဂမှညှိနှိုင်းဆောင်ရွက်ခြင်းမပြုမီကတည်းက တရုတ်နိုင်ငံမှ ရောက်ရှိလာသော ခရီးသည်များအား ရောဂါစမ်းသပ်စစ်ဆေးရန် စည်းကမ်းချက်များ ချမှတ်ထားပြီးဖြစ်သည်။

သို့သော် ဇန်နဝါရီလ ၁၁ ရက်က ထုတ်ပြန်ခဲ့သည့် အကျိုးသက်ရောက်မှုစစ်တမ်းအရ တရုတ်နိုင်ငံ၏ အခြေအနေသည် ရောပသမဂ္ဂအတွက် အလုံးစုံကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုမဟုတ်ကြောင်း ဥရောပရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟိုဌာနက ပြောကြားခဲ့သည်။

"တရုတ်နိုင်ငံမှာ ပျံ့နှံ့နေတဲ့ မျိုးကွဲတွေက ရောပသမဂ္ဂမှာ ပျံ့နှံ့ပြီးသားဖြစ်လို့ ကိုယ်ခံအားစနစ်တုံ့ပြန်မှုအတွက် စိန်ခေါ်မှု မရှိပါဘူး" ဟု အေဂျင်စီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly