တိဗက်အား တရုတ်သိမ်းပိုက်မှုသည် ဒေသခံလူမျိုးများ၏ ယဉ်ကျေးမှုအပေါ် သက်ရောက်မှုကြီးမား

By ANI
14 January 2023
တိဗက်အား တရုတ်သိမ်းပိုက်မှုသည် ဒေသခံလူမျိုးများ၏ ယဉ်ကျေးမှုအပေါ် သက်ရောက်မှုကြီးမား

တရုတ်နိုင်ငံက တိဗက်ကို အတင်းအကျပ် သိမ်းပိုက်ခြင်းသည် ရာစုနှစ်များစွာ သက်တမ်းရှိ တိဗက်လူမျိုးများ၏ လေးစားတန်ဖိုးထားဖွယ် ကိုယ်ပိုင်ယဉ်ကျေးမှုအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်ဟု Tibet Press တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် တိဗက်ဒေသအား ၎င်းပိုင်နက်နယ်မြေအဖြစ် ဆက်လက်ထိန်းသိမ်းထားပြီး တိဗက်ကို ကျူးကျော်ခဲ့ချိန်မှစ၍ တိဗက်ယဉ်ကျေးမှုကို သင်ကြားပို့ချနေသူများအား တရုတ်စရိုက်လက္ခဏာများ သွတ်သွင်းရန် ကြိုးပမ်းခဲ့သည်။

တရုတ်သည် ဦးဆောင်သူအဖြစ် အထင်ကြီးအောင်ပြသသည့် ၎င်းပိုင်ဒေသများတွင်  ရန်လိုသောစရိုက်လက္ခဏများဖြင့် တရုတ်၏ ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်ကို မြှင့်တင်နေသည်ဟု  Tibet Press တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံအများစုနှင့် နယ်နိမိတ်အငြင်းပွားမှုများ၊ နယ်မြေပိုက်နက်အပေါ်  အချုပ်အခြာအာဏာပိုင်ဆိုင်မှု အငြင်းပွားမှုများဖြင့် မကျေနပ်မှုများ ဖြစ်ပေါ်စေရန် လုပ်ဆောင်နေသည်။

သံမဏိစည်းမျဉ်းများဖြင့် ထိန်းချုပ်မှုသည် တရုတ်၏ ဖိနှိပ်ဆုံး ဗျူဟာများထဲမှ တစ်ခုဖြစ်ပြီး ယင်းဗျူဟာကြောင့် တိဗက်တွင် လူပေါင်းထောင်ချီသေဆုံးစေခဲ့သည်ဟု Tibet Press က ဆိုသည်။ တိဗက်အရေးနှင့် ပတ်သက်သည့် တရုတ်၏ ပိုင်ဆိုင်ကြောင်းအငြင်းပွားမှုသည် နှစ်များစွာအတွင်း အားကောင်းလာခဲ့သည်။

တိဗက်ကို ကိုယ်စားပြုရန် အခွင့်အာဏာမရှိသူက ၁၉၅၁ ခုနှစ် မေလ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် အချက် ၁၇ ချက်ပါ သဘောတူစာချုပ် ခေါ် ငြိမ်းချမ်းစွာ တိဗက်လွတ်မြောက်ရေးဆောင်ရွက်ချက်များဆိုင်ရာ ဥပဒေနှင့်မညီသောသဘောတူစာချုပ်အပေါ်အခြေခံပြီး  တရုတ်က တိဗက်တွင် တရားဝင်မှုရယူထားသည်ဟု Tibet Press က ဖော်ပြထားသည်။

အဆိုပါ သဘောတူညီစာချုပ်တွင် တရုတ်နိုင်ငံသည် ဒေသခံတိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများကို အဟန့်အတား မဖြစ်စေဘဲ တိဗက်၏ အစဉ်အလာအစိုးရနှင့် ဘာသာရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် ကတိကဝတ်ပြုထားသည်။ အဆိုပါ သဘောတူညီချက်သည် အကျပ်ကိုင်သည့် နည်းလမ်းများဖြင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး တရားဝင်မှုမရှိကြောင်း အဝေးရောက် တိဗက်အစိုးရက ပြောခဲ့သည်။

တရုတ်နိုင်ငံသည် လွန်ခဲ့သည့် နှစ် ၈၀ အတွင်း ၎င်းအားတရားဝင်မှုကို ရရှိစေသည့် သဘောတူစာချုပ်ကို ဖောက်ဖျက်ခဲ့သည်။ တရုတ်အာဏာပိုင်များသည် ကွန်မြူနစ်မူဝါဒများ ဖြန့်ဝေခြင်း၊ ခေတ်နောက်ပြန်ဆွဲသည့် တရုတ်ဓလေ့စရိုက်များကို ကျင့်သုံးစေခြင်းနှင့် တိဗက်ဒေသရှိ တိုင်းရင်းသားများကို အတင်းအကျပ်ပေါင်းစည်းစေခြင်းဖြင့် အထွဋ်အမြတ်နယ်မြေမှ တိဗက်ယဉ်ကျေးမှုများကို ဖယ်ရှားရန် ကြိုးပမ်းခဲ့သည်ဟု Tibet Press က ဖော်ပြခဲ့သည်။

ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီသည် ဒလိုင်းလားမားကို ဆက်ခံမည့်သူ တစ်ဦးအား ကြေညာရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သည်။ သို့သော် တရုတ်၏ ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ပေ။ ၁၄ ဆက်မြောက် ဒလိုင်းလားမားအား ဆက်ခံရေးအစီအစဉ်များသည် တိဗက်ဒေသကို တရုတ်နိုင်ငံအတွင်း ပေါင်းစည်းရန် တရုတ်အားထုတ်မှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly