အမျိုးသမီးများပညာသင်ကြားခွင့် တားမြစ်ချက်များကို ပယ်ဖျက်ပေးရန် တာလီဘန်များအား ကုလသမဂ္ဂ တောင်းဆို

By Business Standard
14 January 2023
အမျိုးသမီးများပညာသင်ကြားခွင့် တားမြစ်ချက်များကို ပယ်ဖျက်ပေးရန် တာလီဘန်များအား ကုလသမဂ္ဂ တောင်းဆို

အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂထိပ်တန်းသံတမန်သည် တာလီဘန်အစိုးရက ခန့်အပ်ထားသည့် ပညာရေးဝန်ကြီး မိုဟာမက်နာဒင်းနှင့် ဇန်နဝါရီလ ၇ ရက်က ကဘူးလ်မြို့တွင် တွေ့ဆုံခဲ့ပြီး အမျိုးသမီးများ ပညာသင်ယူခွင့်နှင့် အကူအညီပေးရေးအဖွဲ့များတွင် အလုပ်လုပ်ကိုင်ခွင့်တို့အား တားမြစ်ထားမှုကို အမြန်ဆုံး ရုပ်သိမ်းပေးရန် တောင်းဆိုလိုက်သည်။

"အာဖဂန်နစ္စတန်ဟာ အကျပ်အတည်းကာလသစ်တစ်ခုဆီ ဦးတည်နေပါတယ်။ အမျိုးသမီးတွေ ပညာသင်ယူတာနဲ့ အကူအညီပေးရေးအဖွဲ့တွေမှာအလုပ်လုပ်တာကို တာလီဘန်တွေ ပိတ်ပင်တားမြစ်တာဟာ အာဖဂန်နိုင်ငံသားအားလုံးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထူးသံတမန် ပေါ့တ်ဇယ်မားကပ်စ်က တားမြစ်ချက်တွေကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ တာလီဘန်အစိုးရ ပညာရေးဝန်ကြီး မိုဟာမက်နာဒင်းနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ တောင်းဆိုခဲ့ပါတယ်” ဟု အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့က Twitter တွင် ရေးသားထားသည်။

တာလီဘန်သည် ၂၀၂၁ ခုနှစ် သြဂုတ်လတွင် အာဖဂန်နစ္စတန်ကို သိမ်းပိုက်ခဲ့ပြီး အခြေခံအခွင့်အရေးများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများကို ပြင်းထန်စွာကန့်သတ်သည့် မူဝါဒများ ချမှတ်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

တာလီဘန်သည် ပြီးခဲ့သည့်လက အမျိုးသမီးများအဆင့်မြင့် ပညာသင်ကြားခွင့်ကို ကန့်သတ်ခဲ့သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) များတွင် အမျိုးသမီးများ အလုပ်လုပ်ကိုင်ခွင့်ကို တားမြစ်ခဲ့သည်။ လူ့အခွင့်အရေး ကျွမ်းကျင်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက အဆိုပါ ဆောင်ရွက်ချက်များသည် ထိခိုက်လွယ်သော အသိုက်အဝန်းများ၊ အမျိုးသမီးများ၊ ကလေးများနှင့် နိုင်ငံတစ်ခုလုံးအတွက် အဓိကထိုးနှက်ချက်အဖြစ် ဖော်ပြကြသည်။

တာလီဘန်တို့က အမျိုးသမီးများနှင့် မိန်းကလေးများ တက္ကသိုလ်တက်ရောက်ခွင့်ကို ဆိုင်းငံ့လိုက်သည့် သတင်းကြောင့် အလွန် စိုးရိမ်ထိတ်လန့်မိကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) အဖွဲ့ဝင်များက ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပြောကြားခဲ့သည်။

လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားမှု ပျက်သုဉ်းစေသည့် အဆိုပါ မူဝါဒများနှင့် အလေ့အထများကို အမြန်ဆုံး ပြောင်းလဲပြင်ဆင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တာလီဘန်အား တောင်းဆိုခဲ့သည်။

ထို့ပြင် အင်န်ဂျီအိုများနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် အမျိုးသမီးဝန်ထမ်းများအား အလုပ်လုပ်ခွင့် ပိတ်ပင်မှုအပေါ်လည်း လေးလေးနက်နက် စိုးရိမ်ကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဖော်ပြခဲ့သည်။ ထိုလုပ်ရပ်သည် ကုလသမဂ္ဂ၏ လုပ်ငန်းများအပါအဝင် နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုများ၊ အကူအညီများပေးအပ်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို ချက်ချင်း ကြီးကြီးမားမား  အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း UNSC က ပြောကြားခဲ့သည်။

ထိုကန့်သတ်ချက်များသည် အာဖဂန်ပြည်သူများအပေါ် တာလီဘန် ကတိပြုထားမှုများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း UNSC က ထောက်ပြသည်။

အာဖဂန်နစ္စတန်ရှိ အင်န်ဂျီအိုများတွင် အမျိုးသမီးများ အလုပ်လုပ်ခွင့်ကို ပိတ်ပင်သည့် တာလီဘန်တို့၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဆွေးနွေးရန် လာမည့်သီတင်းပတ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တံခါးပိတ်အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း TOLO News က ယခုသီတင်းပတ်အစောပိုင်းတွင် ဖော်ပြခဲ့သည်။

တာလီဘန်တို့၏ ဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး ဆွေးနွေးရန် လုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေးကို ဇန်နဝါရီလ ၁၃ ရက်တွင် ကျင်းပရေး ဂျပန်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့က တောင်းဆိုခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာယူအေအီးသံတမန်အဖွဲ့က Twitter တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly