နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၃ ဇန်နဝါရီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၃ ဇန်နဝါရီ ၂၀၂၃ ) 

ဇန်နဝါရီလ ၁၃ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်  Camp Victoria စခန်းရှိ ကလေးငယ်များ အမျိုးသမီးများရှိရာ မိသားစုလိုင်းခန်းများ နှင့် ဆေးရုံဆေးခန်းများ ၊ ဆေးပစ္စည်း သိုလှောင်သည့် နေရာများကို ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်ခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ  လူသားချင်းစာနာ ထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၏ စာရင်းများအရ စစ်တပ်အာဏာသိမ်းထားသည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး  ၂၁ လ အတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်လာသော ရဲ နှင့် စစ်သည်အရာရှိ တစ်သောင်း နှစ်ထောင်ကျော် ရှိနေပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ချက်အရ သိရသည်။ 

  • ဗဟိုတိုင်ကြားစာ စိစစ်ရေးကော်မတီက တိုင်ကြားစာများ ဖြေရှင်းဆောင်ရွက်လာနိုင်ခြင်းသည် အစိုးရကို ပြည်သူက ပိုမိုယုံကြည် အားကိုးစေမည့် လုပ်ငန်းတစ်ခု ဖြစ်သည်ဟု ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီ ၁၂ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေးတွင် ပြောသည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို နွေဦးတော်လှန်ရေးမြန်မာ မွတ်စလင်မ် ကွန်ရက် (Spring Revolution Myanmar Muslim Network−SRMMN) က အနာဂတ်မြန်မာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် နှင့် ပတ်သက်သည့် စာတမ်းကို ဇန်နဝါရီ ၁၁ ရက်က ရှင်းလင်းတင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်အတွင်း ဇန်နဝါရီ ၁၁ ရက်၊ ညနေ ၅ နာရီခွဲခန့်က ကျပ်ငွေသိန်း ၁၅၀၀ နီးပါးတန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၃ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၃ ရက်တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင် ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် S&C မီးဘေး၊ စစ်ဘေး ပညာရေး ကူညီစောင့်ရှောင်ရေးအဖွဲ့က ၆ ကျောင်းမြောက် ကျောင်းဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။ 

  • မုံရွာသပိတ်အင်အားစုမှ မုံရွာမြို့တစ်နေရာတွင် '' တရားမဝင် အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ '' ဘန်နာကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက်ချီတက်ဆန္ဒပြမှုကို ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကောင်စီတပ်များ အရှုံး နှင့် ပြန်ဆုတ်သွားအောင် ခုခံတွန်းလှန်ပြီး အောင်ပွဲနှင့်အတူ ပြန်လာကြသည့် တော်လှန်ရေးတပ်ဖွဲ့များကို ဇန်နဝါရီ ၁၂ ရက်က ကနီမြို့နယ်အတွင်း ကျေးရွာနှစ်ဆယ်နီးပါးက ပြည်သူ ထောင်ချီ ကြိုဆိုခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ကံကြီးတောရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်သားများကို ဇန်နဝါရီ ၁၂ ရက်၊ မွန်းလွဲ ၃ နာရီခန့်က PDF တပ်ဖွဲ့များက ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF - PDF တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နတ်ကြီးကျေးရွာမှ နေအိမ်မီးရှို့ခံရသည့် ပြည်သူများနှင့် အမြဲတမ်း စစ်ဘေးရှောင် ပြည်သူများအတွက် တပ်ဖွဲ့၏ ရိက္ခာများထဲမှ ဆန်အိတ်များအား ဇန်နဝါရီ ၁၂ ရက်က ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့တွင် ဇန်နဝါရီ ၁၂ ရက်၊ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီ တပ်သားများ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အင်းပတ်လမ်းအနီးရှိ လင်မယားနှစ်ဦး ကျည်ထိမှန်ခဲ့ပြီး အမျိုးသားဖြစ်သူ သေဆုံးသွားကြောင်း Indaw Revolution- IR ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ လက်ပံတောင်းကြေးနီ စီမံကိန်းအနီးတွင် ရှိသည့် မိုးကြိုးပြင်တောင်ရွာ အလယ်ရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ဇန်နဝါရီ ၁၃ ရက်၊ မွန်းလွဲ ၁ နာရီခန့်က မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ဇန်နဝါရီ ၁၁ ရက်၊ ညနေ ၄ နာရီခန့်က စစ်ကြောင်းထိုး၍ ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့၏ ကားကို မိုင်းဆွဲတိုက်ခိုက်ရာ ခြောက်ဦးထက်မနည်း သေဆုံးသွားကြောင်း Black Wolf – Army က ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ရွာ လမ်းတစ်လျှောက်တွင် ဇန်နဝါရီ ၁၂ ရက်၊ နံနက်ပိုင်းက ဂိတ်ကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်ဂိတ်များကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးကြောင်း Danger Force LPDF ပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ တောပုရွာရှိ အကြမ်းဖက် စစ်တပ်ကင်းပုန်းများကို ဇန်နဝါရီ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က PDF တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှု ၃ ဦး သေဆုံးကြောင်း Area 71 PDF Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီ - DPNS၊ လူ့ဘောင်သစ်လူငယ် - YNSနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် သပိတ်ကော်မတီတို့ ပူးပေါင်းကာ ယနေ့ ဇန်နဝါရီ ‌၁၃ ရက်တွင် "ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ" စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖျောက်ဆိတ်ကုန်းရွာတွင် တာဝန်ကျနေသော မူလတန်းကျောင်းအုပ် ဝင်းခိုင်သည် ဇန်နဝါရီ ၁၂ ရက်၊ ညနေ ၄ နာရီခန့်က စစ်တပ်၏အတုအယောင် ရွေးကောက်ပွဲ အတွက် သန်းခေါင်စာရင်း ခြိမ်းခြောက်လိုက်ကောက်နေသည့်အတွက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Magway Guerilla Warfare (မကွေးပြောက်ကျား တပ်ဖွဲ့) နှင့် မဟာမိတ်တပ်ဖွဲ့များထံမှ သိရသည်။ 

  • မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုန် နှင့် မြို့သစ်အကြား၊ ကာနီပယ် KTV ဆိုင်အနီးတွင် ဇန်နဝါရီ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ဆိုင်ကယ်နှစ်ယောက် စီးသည်ဟု ဆိုကာ စစ်တပ်က လူငယ်နှစ်ဦးကို ပစ်ခတ်သတ် ဖြတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • မန္တလေး၊ ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၃ ရက်တွင် ဖက်ဆစ် စစ်တပ်တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ဝသုန္ဒြေ ဓမ္မာရုံတွင် ဇန်နဝါရီ ၁၂ ရက်၊ နေ့လယ်ပိုင်းက လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဇန်နဝါရီ ၁၂ ရက်၊ ညနေ ၆ နာရီခွဲကျော်ခန့်က ရဲကင်းစခန်း နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။ 

  • မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဦးမန်းစိန် ကုမ္ပဏီ နှင့် Myanmar Golden Point Family ကုမ္ပဏီအပါအ၀င် စစ်ကောင်စီထောက်တိုင် ကုမ္ပဏီများအား တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၎င်းကုမ္ပဏီများနှင့် ဝေးဝေးနေကြရန် ပြင်ဦးလွင်ခရိုင် ပကဖမှ သတိပေး သတင်း ထုတ်ပြန်ထားသည်။ 

  • ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုနယ်၊ ဝင်းသရက်ကျေးရွာအုပ်စုမှ  ပျူစောထီး ကျော်ကျော်ကို  ဇန်နဝါရီ ၁၁ ရက်၊ ည ၁၂ နာရီခန့်က ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Bago Region PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ် ကော်မတီတို့မှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၃ ရက်တွင် စစ်တပ်ထုတ်ကုန် မသုံးစွဲရေး နှင့် စစ်အာဏာရှင် တော်လှန်ရေး လူထုလှုံ့ဆော်မှု ပြုလုပ် ခဲ့ကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို ဒေသ ကာကွယ်ရေး တပ်ဖွဲ့များဘက်က ဇန်နဝါရီလ ၇ ရက် နှင့် ၅ ရက်နေ့ ၂ ရက်တွင်း ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲသုံး ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က အယောက် ၂၀ သေဆုံးပြီး တော်တော် များများ ဒဏ်ရာရခဲ့သည်ဟု ဥသြသစ် စစ်ကြောင်း (ထားဝယ်မြို့နယ်) က ထုတ်ပြန်သည်။ 

  • ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာအနီးတွင် ဇန်နဝါရီ ၁၂ ရက်၊ နေ့လယ်ပိုင်းက စစ် ကောင်စီ လက်အောက်ခံ မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ် မင်းကိုကို အပါအဝင် ရဲ ၃ ဦး နှင့် သတင်းပေး ၂ ဦး စုစုပေါင်း ၅ ဦး ကို ဖမ်းမိထားကြောင်း Mohnyin Revolution Force တပ်ဖွဲ့ထံမှ သိရသည်။ 

  • ချင်းပြည်နယ်တွင် CNF/CNA ဌာနချုပ်ကို လေကြောင်းတိုက်ခိုက်ခံရချိန်တွင် ကျဆုံးခဲ့သည့် ရဲဘော်များ အတွက် ဝမ်းနည်းခြင်းအဖြစ် ဇန်နဝါရီ ၁၁ ရက်က ဈေးဆိုင်ပိတ်ထားသည့် ဟားခါးမြို့က ဆိုင်ရှင် ၁၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့၀င်များက ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်တွင် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားကြကြောင်း ဒေသခံများထံမှ သိရသည်။ 

  • ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်း အပါအဝင် ကျေးရွာများကို ဇန်နဝါရီ ၁၂ ရက်၊ နေ့လယ် ၂ နာရီကျော်ခန့်က စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက် ခိုက်ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် နှင့် မိခင် ၁ ဦး၊ ခရစ်ယန် ဘာသာရေးဆရာ ၁ ဦး အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးကြောင်း ကရင်အမျိုးသမီးအဖွဲ့ နှင့် ကရင်လူ့အခွင့်အရေးအဖွဲ့တို့က အရေးပေါ် သတင်းထုတ်ပြန်သည်။ 

  • အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှု နှင့် ပြည်တွင်းစစ်ကို ပိုပြီး ကြာရှည်စေလိမ့်မည်ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဟောင်း Saifuddin Abdullah က ပြောဆိုလိုက်သည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မဲဝိုင်စခန်းကို KNU/KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက နေ့စဥ်တိုက်ခိုက်လျက်ရှိရာ အကြမ်းဖက် စစ်တပ်ဘက်မှ အထိအခိုက်အကျအဆုံးမှု များပြားလျက်ရှိသဖြင့် လေကြောင်း အသုံးပြု၍ အရပ်သားများနေထိုင်သည့် နေရာများကို ရမ်းသမ်း တိုက်ခိုက်လျက်ရှိကြောင်း KNU နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။ 

  • ချင်းပြည်နယ် ဟားခါးအခြေစိုက် အကြမ်းဖက်စစ်တပ်၏ တပ်ရင်း ခလရ (၂၆၆) မှ တပ်သားတစ်ဦး  အလင်းဝင် ခိုလှုံလာသည်ဟု ချင်းကာကွယ်ရေးတပ် (CDF)-ဇိုဖေ (Zophei) က သတင်းထုတ်ပြန်သည်။ 

  • ကရင်နီ(ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ နန်းဖဲလမ်းမကြီး၊ ဘော်လခဲလမ်းမကြီးနှင့် ထူးချောင်း လမ်းကြီးတို့ကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြဖို့ KNDF B-16 က ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။ 

 

စစ်ကောင်စီ 

  • အကျဉ်းထောင်များထဲကို ကန့်သတ်ထားသည့် ပစ္စည်းများ ပေးပို့တင်သွင်းမှုများ ရှိနေသည့်အတွက် ရဲတပ်ဖွဲ့ နှင့် ပူးပေါင်းပြီး အကျဉ်းသား/အချုပ်သားများ၏ အိပ်ဆောင်များကို စနစ်တကျရှာဖွေ စစ်ဆေး မှုများ ပြုလုပ်ရန် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ဇန်နဝါရီ ၁၁ ရက်က ပုသိမ်အကျဉ်းထောင် ကို ရောက်ရှိစစ်ဆေးချိန်တွင် ပြောကြားလိုက်သည်။ 

  • အာဆီယံအနေဖြင့် အကြမ်းဖက်အဖွဲ့များ၊ မတရားအသင်းများနှင့် ထိတွေ့ဆက်ဆံခြင်း မပြုရန် လိုသည်ဟု စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်​ပြောဆိုသည်။ 

  • သက်တမ်းကုန်ဆုံးမည့် မော်တော်ယာဉ် နှင့် ဆိုင်ကယ်များကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ လိုင်စင်သက် တမ်းတိုးပေးခြင်းကို ယခုနှစ် မတ်လကုန်အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု စစ်ကောင်စီ လက် အောက်ခံ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သိရသည်။ 

  • စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ဇနီးဖြစ်သူ ဒေါက်တာသီတာတင်ကို မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် အစမ်းခန့်အပ်ကြောင်း စစ်ကောင်စီ မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြပါရှိသည်။ 

  • မြန်မာ့နယ်စပ်ကုန်သွယ်ရေးစခန်းများက ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာလကုန်အထိ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ဖိုးရှိသည်ဟု စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက သိရသည်။ 

 

ဇန်နဝါရီ ၁၃ ရက် သုံးသပ်ချက် 

 

  • စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများ ပစ်မှတ်များ နှင့် ဘာသာရေး အဆောက် အအုံများကို လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲမှုကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင် တင်းတင်းချိုးဖောက်နေသည်ကို တွေ့ရသည်။ 

  • အာဏာလုမင်းအောင်လှိုင်ကိုယ်တိုင် အာဏာသိမ်းပြီးစက အာဆီယံနိုင်ငံများရှေ့တွင် သွားရောက်ကာ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်ထည်ဖော်လိုက်နာပါမည်ဟု ကတိပြုထားချက်ကို မသိ ကျေးကျွန်ပြုကာ အာဆီယံ၏ တိုက်တွန်းချက်ကို ဂရုမစိုက်သည်ပုံံစံမျိုး ပြုလုပ်နေသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly