လေကြောင်းရန်ကာကွယ်ရေး နိုင်ငံတကာသို့ NUG တောင်းခံ

By 002 (မဇ္ဈိမ)
13 January 2023
လေကြောင်းရန်ကာကွယ်ရေး နိုင်ငံတကာသို့ NUG တောင်းခံ

ဇန်နဝါရီလ ၁၃ ရက်

လေကြောင်းရန်ကာကွယ်ရေး နိုင်ငံတကာသို့ NUG အစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေဝန်ကြီးဌာနက တောင်းခံလိုက်သည်။

အာဏာသိမ်းစစ်ကောင်စီက တိုင်းပြည်အခွန်ဘဏ္ဍာများဖြင့် ဝယ်ယူထားသည့် ဂျက်လေယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူကာ လေကြောင်းတိုက်ခိုက်မှု များကို နိုင်ငံအနှံ့တွင် ကျူးလွန်လျက်ရှိသည်ဟု NUG ကဆိုသည်။

" အရပ်သား ပြည်သူများကို ထိရောက်စွာကာကွယ်ပေးနိုင်ရေး အတွက် လူသားချင်းစာနာမှု အကူအညီများကို လုံလောက်စွာ ကူညီထောက်ပံ့နိုင်ရန်၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်အောင် အဘက်ဘက်မှ လုပ်ဆောင်ပေးရန်နှင့် ထိရောက်သော လေကြောင်းရန် ကာကွယ်ရေး အစီအမံ များအတွက် လက်တွဲ ကူညီ ပံ့ပိုးပေးကြပါရန် မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို အလေးအနက် တိုက်တွန်းသည်" ဟု NUG က ထုတ်ပြန်သည်။

စစ်ကောင်စီမှာ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်နေပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေသည်ဟု NUG က ဆိုသည်။

စစ်ကောင်စီသည် ချင်းအမျိုးသားတပ်ဦး(CNF) ဌာနချုပ် တည်ရှိရာ Camp Victoria စခန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ရက်နေ့များတွင် တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ချင်းအမျိုးသားတပ်ဦးမှ တပ်ဖွဲ့ဝင်ငါးဦးကျဆုံးခဲ့ပြီး ကလေးငယ်များ၊ အမျိုးသမီးများရှိရာ မိသားစုလိုင်းခန်းများနှင့် ဆေးရုံဆေးခန်းများ၊ ဆေးပစ္စည်း သိုလှောင်သည့် နေရာများ ထိခိုက်ပျက်စီးခဲ့သည်။

ယင်းသို့တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုတ်ချပြီး အထူးဝမ်းနည်း ကြေကွဲရ ကြောင်း၊ စစ် ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ကျူးလွန်နေခြင်းကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် စစ်ဘေးရှောင်ပြည်သူများ ပိုမို တိုးပွား နေကာ လူသားချင်းစာနာမှု အကူအညီများမှာလည်း အရေးတကြီး လိုအပ်လျက်ရှိသည်ဟု NUG ကထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly