ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က NUG ကြားကာလပညာသင်ကျောင်းရှိ ကျောင်းသုံးစာအုပ်များကို ဖျက်ဆီး

By MTO (မဇ္ဈိမ)
13 January 2023
ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က NUG ကြားကာလပညာသင်ကျောင်းရှိ ကျောင်းသုံးစာအုပ်များကို ဖျက်ဆီး

ဇန်နဝါရီလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မန်ကျည်းစောက်ကျေးရွာကို ဇန်နဝါရီလ ၆ ရက်နေ့က ဝင်ရောက်မီးရှို့သည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် NUG ကြားကာလပညာသင်ကျောင်းအတွင်းရှိ ကျောင်းသုံး စာအုပ်များကို မြစ်အတွင်းသို့ လွှင့်ပစ်ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“မန်ကျည်းစောက်ရွာမှာက တော်တော်ဆိုးပါတယ်၊ ကလေးတွေရဲ့ပညာရေးသုံး စာအုပ်တွေ ၊ဆရာ ဆရာမတွေ ကိုင်တဲ့စာအုပ်တွေ၊ ဒါတွေ အကုန်လုံးကို ရေကန်တွေထဲ ပစ်ချတာတွေ လုပ်သွားတယ်” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးငယ်များစာသင်ကြားနေသည့် ကျောင်းများပါမချန် မီးရှို့ဖျက်ဆီးခြင်းများ၊ လေယာဉ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခြင်းရှိသကဲ့သို့ ယခုအခါ ကျောင်းသုံးစာအုပ်များကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“ကလေးတွေ ပညာရေးအတွက် သုံးတဲ့ပစ္စည်းတွေကို ဖျက်လို ဖျက်ဆီးလုပ်တယ် ဆိုတာက ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး၊ သူတို့ဟာ လူစိတ်ပျောက်နေတဲ့ သူတွေဆိုတာတော့ အထူးပြောစရာမလိုပါဘူး၊ ဒီဖြစ်ရပ်ကို ကျတော်တို့ အနေနဲ့ လုံး၀ကို ကန့်ကွက်တယ် ရှုံ့ချတယ် လုံး၀လည်း မဖြစ်သင့်တဲ့ကိစ္စပါ” ဟု မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင် ဦးအေးမင်းဝင်း က ပြောသည်။

ယင်းအပြင် ကြားကာလ ပညာရေးစနစ်အတွက် ဖွင့်လှစ်ထားသည့် မြေပြင်ကျောင်းများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့၏ မြေပြင်စစ်ကြောင်းထိုးခြင်း၊ ဝေဟင်မှ ပစ်ခတ်ခြင်းများကို တိမ်းရှောင်နိုင်ရန် ကြိုတင်စီမံမှုများ ပြုလုပ်ထားရကြောင်း ဦးအေးမင်းဝင်းက ဆိုသည်။

၎င်းက “ သတင်းအချက်အလက်တွေကို ကြိုထောက်ထားရတယ်၊ လာတယ်ဆိုရင် ကြိုတင်ရှောင်တိမ်းချိန်ရအောင်လို့ပေါ့၊ နောက်တစ်ချက်ကတော့ သူတို့လေယာဉ်နဲ့ ဝေဟင်ကနေ တိုက်ခိုက်မှုအတွက် ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ တူးထားရတာတွေ ရှိတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာရှိ ကလေးငယ်များစာသင်ကြားနေသည့် နေရာကို တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကျောင်းသားကလေးသူငယ် ၁၂ ဦး သေဆုံးခဲ့ပြီး ဆရာ၊ ဆရာမများ ပြည်သူများ အပါအဝင် ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့‌သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly