ကြောင်ပန်းတောကျေးရွာကို မီးရှို့နေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက် သေဆုံးမှုများရှိနိုင်

By MTO (မဇ္ဈိမ)
13 January 2023
ကြောင်ပန်းတောကျေးရွာကို မီးရှို့နေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက် သေဆုံးမှုများရှိနိုင်

ဇန်နဝါရီလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ကြောင်ပန်းတောကျေးရွာကို စစ်ကောင်စီတပ်များက ဇန်နဝါရီလ ၉ ရက်နေ့ မီးရှို့ဖျက်ဆီးနေစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ များဘက်တွင် ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA)အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ သူတို့က ကြောင်ပန်းတောရွာကို ၃ နာရီလောက်မှာ မီးစရှို့တယ်၊ ကျတော်တို့ က ၆နာရီလောက်မှာ ဝင်ပစ်တာ ၄၀ မမနဲ့ လေးချက်ပစ်တယ်၊ နှစ်ချက်က မီးရှို့နေတယ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြားထဲကျတယ်၊ ဒီကောင်တွေ လဲကျသွားတာ မြင်ရတယ်၊ အကျအဆုံးတော့ ရှိတယ်၊ အတိအကျမသိရဘူး “ ဟု ပြောသည်။

တိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပြီး ဒေသကာကွယ် ရေးအဖွဲ့ဘက်မှာ အထိအခိုက်မရှိခဲ့ကြောင်း ဆိုသည်။

“ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်၊ အကြာကြီးတော့မဖြစ်လိုက်ဘူး၊ အဲ့ဒါပြီး သူတို့လည်းပြန်ဆုတ်၊ ကျတော်တို့လည်းပြန်ဆုတ်ခဲ့တာ ကျတော်တို့ဘက်မှာတော့ အထိအခိုက်မရှိဘူး”ဟု DRPA မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်အနေဖြင့် လက်ရှိအချိန်မှာ ရင်ဆိုင်တိုက်ပွဲများထက် ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခြင်းကိုသာ ဆောင်ရွက်နေရသေးကြောင်း ဆိုသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကြောင်ပန်းတောရွာမှ နေအိမ် ၂၀ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly