ထိုင်ဝမ်ကိုတိုက်ခိုက်ပါက တရုတ်ကြုံရမည့် အကျိုးဆက်များကို ထုတ်ဖော်ပြောကြားရန် ကမ္ဘာ့နိုင်ငံများအား နေတိုးအကြီးအကဲဟောင်း တိုက်တွန်း

By Reuters
13 January 2023
ထိုင်ဝမ်ကိုတိုက်ခိုက်ပါက တရုတ်ကြုံရမည့် အကျိုးဆက်များကို ထုတ်ဖော်ပြောကြားရန် ကမ္ဘာ့နိုင်ငံများအား နေတိုးအကြီးအကဲဟောင်း တိုက်တွန်း

ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို တိုက်ခိုက်ပါက တရုတ်အနေဖြင့် ကြုံတွေ့ရမည့် ဆိုးရွားသော စီးပွားရေးအကျိုးဆက်များကို ဒီမိုကရေစီနိုင်ငံများအနေဖြင့် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားသင့်ကြောင်း နေတိုးအတွင်းရေးမှူးချုပ်ဟောင်းက ထိုင်ဝမ်ခရီးစဉ်အတွင်း ဇန်နဝါရီလ ၅ ရက်က ပြောကြားလိုက်သည်။

ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်သော ထိုင်ဝမ်က အပြင်းအထန်ကန့်ကွက်နေသော်လည်း တရုတ်က ထိုင်ဝမ်ကို ပိုင်ဆိုင်ကြောင်း ပြောဆိုထားပြီး လွန်ခဲ့သည့် ၃ နှစ်အတွင်း ထိုင်ဝမ်အနီးသို့ တရုတ်လေယာဉ်များ နေ့စဉ်နီးပါး ကျူးကျော်ဝင်ရောက်မှုအပါအဝင် ပိုင်နက်တောင်းဆိုမှု ခိုင်မာစေရေးအတွက် ထိုင်ဝမ်ကို ဖိအားပေးရန် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

နေတိုးအတွင်းရေးမှူးချုပ်ဟောင်း အန်ဒရာဖော့ရက်စ်မူဆန်က ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုနှင့် ထိုင်ဝမ်အပေါ် တရုတ်စစ်တပ်၏ရန်စမှုကို နှိုင်းယှဉ်ပြလျက် ထိုင်ဝမ်ကို တရုတ်တိုက်ခိုက်မှုအား ဟန့်တားနိုင်ရေးအတွက် ယူကရိန်းအောင်ပွဲရရှိရန် ဒီမိုကရေစီနိုင်ငံများက စည်းလုံးညီညွတ်စွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ထိုင်ဝမ်ရဲ့ လက်ရှိအနေအထားကို အင်အားသုံးပြောင်းလဲဖို့ တရုတ်ရဲ့ ကြိုးပမ်းမှုတိုင်းက ပေါင်းစည်းတုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး ဒီအချက်ကို တရုတ်ကို အခု ရှင်းရှင်းလင်းလင်း ချပြရပါမယ်" ဟု ရက်စ်မူဆန်က တိုင်ပေတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

"တရုတ်က ရုရှားထက် ကမ္ဘာ့ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုကို ပိုမိုမှီခိုအားထားနေရပါတယ်။ တိုက်ခိုက်မှု ဟူသမျှအတွက် ဆိုးရွားတဲ့ စီးပွားရေးအကျိုးဆက်တွေ ခံစားရမယ်လို့ ရှင်းရှင်းလင်းလင်း ပြောပြထားခြင်းဟာ အားကောင်းတဲ့ အဟန့်အတားဖြစ်ပါလိမ့်မယ်" ဟု ရက်စ်မူဆန်က ပြောကြားခဲ့ပြီး ယူကရိန်း စစ်ပွဲအဆုံးသတ်ကို တရုတ်သမ္မတရှီကျင့်ဖျင်က အနီးကပ် စောင့်ကြည့်နေမည်ဟု ယုံကြည်ကြောင်း ပြောသည်။

အတ္တလန်တိတ်ဖြတ်ကျော်ကာကွယ်ရေးမဟာမိတ်အဖွဲ့ဖြစ်သည့် နေတိုးအဖွဲ့တွင် ၂၀၁၄ အထိ ထမ်းဆောင်ခဲ့သည့် ကမ္ဘာ့ထိပ်တန်းသံတမန်တစ်ဦးဖြစ်ခဲ့သည့် ဒိန်းမတ်ဝန်ကြီးချုပ်ဟောင်း ရက်စ်မူဆန်က တရုတ်အနေဖြင့် ထိုင်ဝမ်အပေါ် လှုပ်ရှားမှုတစ်စုံတစ်ရာလုပ်ဆောင်လာပါက ဘက်ပေါင်င်းစုံမှ အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် ဥရောပနိုင်ငံများအား တိုက်တွန်းခဲ့သည်။

တရုတ်က ထိုင်ဝမ်ကို ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်ပါက အင်အားသုံးခွင့်ရှိသည်ဟု ခံယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly