တရုတ်လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော် ဒီဇင်ဘာလအတွင်း ကိုဗစ်ကူးစက်ခံခဲ့ရကြောင်း ဆေးဘက် ကျွမ်းကျင်သူများ ပြောကြား

တရုတ်လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော် ဒီဇင်ဘာလအတွင်း ကိုဗစ်ကူးစက်ခံခဲ့ရကြောင်း ဆေးဘက် ကျွမ်းကျင်သူများ ပြောကြား

 

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေချိန်တွင် ဒီဇင်ဘာလအတွင်းက လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော် ရောဂါကူးစက်ခံခဲ့ရကြောင်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများကို ကိုးကား၍ Asia Times က ဖော်ပြလိုက်သည်။

တရုတ်မြို့ကြီးအများစုတွင် ရောဂါကူးစက်ခံရသူ ၅၀ ရာခိုင်နှုန်းရှိကြောင်း တရုတ်ကူးစက်ရောဂါဗေဒပညာရှင် ကျန်းကွမ်က ပြောကြားခဲ့ပြီး ပျမ်းမျှအားဖြင့် တရုတ်လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်မှာ ရောဂါကူးစက်ခံထားရသည်ဟု ဆိုနိုင်ကြောင်း ဟောင်ကောင်အခြေစိုက် Asia Times သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

လက်ရှိကူးစက်ရောဂါ၏ သေဆုံးမှုနှုန်းကို တွက်ချက်ရန် အလွန်ခက်ခဲကြောင်း ကူးစက်ရောဂါဗေဒပညာရှင်နှင့် နိုင်ငံတော်ကျန်းမာရေးကော်မရှင်၏ ကိုဗစ်တုံ့ပြန်ရေးကျွမ်းကျင်သူအဖွဲ့မှ အကြီးအကဲဖြစ်သူ လျန်ဝမ်နန်က ပြောကြားခဲ့သည်။

ကပ်ရောဂါပြီးဆုံးမှသာ သေဆုံးမှုအရေအတွက်ကို တိတိကျကျ သိရှိနိုင်လိမ့်မည်ဟု တရုတ်ကူးစက်ရောဂါဗေဒပညာရှင်က ပြောကြားခဲ့သည်။

တရုတ်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဗဟိုဌာန (CDC) မှ သိပ္ပံပညာရှင်အကြီးအကဲနှင့် ပါရဂူ ကြီးကြပ် ရေးမှူးဟောင်းဖြစ်သူ ကျန်းကွမ်က ဗိုင်းရပ်စ်ကူးစက်မှုနှုန်းသည် မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်ကြောင်း ပြောသည်။

တရုတ်CDC ၏ ဌာနတွင်း စာတမ်းတစ်စောင်၌  ဒီဇင်ဘာ ၁ ရက်မှ ၂၀ ရက်အတွင်း လူပေါင်း ၂၄၈ သန်း ကိုရိုနာဗိုင်းရပ်ကူးစက်ခံခဲ့ရကြောင်း ဖော်ပြထားသည်။ လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံးတွင် ကိုဗစ် ကူးစက်ခံရသူ စုစုပေါင်း ၆၆၅ သန်းရှိပြီး လူပေါင်း ၆ ဒသမ ၆၉ သန်း သေဆုံးခဲ့ကြောင်း Asia Times က ဖော်ပြခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဒါနွမ် ဂေဘရေယယ်ဆွတ်က နိုင်ငံအတွင်း ကိုဗစ်ကြောင့် ဆေးရုံတက်ရမှုနှင့်သေဆုံးမှုစာရင်းများနှင့်ပတ်သက်ပြီး  ယုံကြည်စိတ်ချရသော အချက်အလက်များပေးရန် တရုတ်ကို ထပ်မံ တောင်းဆိုခဲ့သည်။

ဗိုင်းရပ်စ်ဆင့်ကဲပြောင်းလဲခြင်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့(TAG-VE) သည် တရုတ်ပြည်မကြီး၏ ကိုဗစ်-၁၉ အခြေအနေကို ဆွေးနွေးရန် တရုတ်ကျွင်းကျင်ပညာရှင်များနှင့် ဇန်နဝါရီ ၃ ရက်က တွေ့ဆုံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly