တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် သမ္မတရှီကျင့်ဖျင်၏ ရည်မှန်းချက်အတိုင်းလုပ်ဆောင်မည့်သူကို ခန့်အပ်

By ANI 
13 January 2023
တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် သမ္မတရှီကျင့်ဖျင်၏ ရည်မှန်းချက်အတိုင်းလုပ်ဆောင်မည့်သူကို ခန့်အပ်

 

တရုတ်၏ အထင်ရှားဆုံး ဝံပုလွေစစ်သည်တော်သံတမန်များထဲမှ တစ်ဦးဖြစ်သည့် အမေရိကန်သံအမတ်ကြီး ကျင်ဂန်းကို ရာထူးတိုးပေးလိုက်ခြင်းက သမ္မတရှီကျင့်ဖျင် အာဏာဆက်ရှိနေသရွေ့ နိုင်ငံတကာအရေးတွင် တရုတ်၏ ရန်လိုသောချဉ်းကပ်မှု ပျောက်ကွယ်သွားမည် မဟုတ်ကြောင်း ဖော်ပြနေသည်ဟု RFA က ရေးသားထားသည်။

တရုတ်အစိုးရသည် အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် ကျင်ဂန်းကို  မကြာသေးမီက ခန့်အပ်ခဲ့သည်။

ကျင်ဂန်းသည် တရုတ်ကို ကမ္ဘာ့အင်အားကြီးနှင့်သြဇာလွှမ်းမိုးနိုင်သော နိုင်ငံဖြစ်လာစေရေးဟူသော သမ္မတရှီ၏ မျှော်မှန်းချက်ကို အခိုင်အမာ ထောက်ခံသူဖြစ်ခြင်းကြောင့် ရာထူးတိုးခြင်းခံရကြောင်း အမေရိကန်အဒယ်ဖီတက္ကသိုလ် ဝိဇ္ဇာ၊သိပ္ပံဌာနမှ ဌာနမှူး ဝမ်ဝေကျန်းက ပြောသည်။

အမေရိကန်တွင် ကျင်ဂန်း တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း  ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေးနှင့် လူ့အခွင့် အရေးကိစ္စရပ်များတွင် နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ ယိုယွင်းလာခဲ့သည်ဟု ဝမ်ဝေကျန်းက ဆိုသည်။

"ရှီကျင့်ဖျင်က ကျင်ဂန်းအပေါ် ယုံကြည်မှုရှိပြီး သူ့အပေါ် အများကြီး မျှော်လင့်ထားလို့ ရာထူးတိုးပေးတာ သိသာပါတယ်။ အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီးအနေနဲ့ ကျင်ဂန်းက အနောက်တိုင်းအရေးကို နားလည်ပြီးတော့ ဒါက တရုတ်သံတမန်ရေးစနစ်အတွက် မျှတတဲ့ အခြေအနေသစ်တစ်ရပ် ဖြစ်လာမှာပါ" ဟု ဝမ်ဝေကျန်းက ပြောကြားခဲ့သည်။

တချို့ပြောသလို အနောက်တိုင်းရဲ့ သြဇာလွှမ်းမိုးနိုင်တဲ့ခေတ် ကုန်ဆုံးသွားပြီရင် တရုတ်က သူ့ကိုယ်ပိုင်အစီအစဉ်ကို အကောင်အထည်ဖော်ရမှာပါ။ တရုတ်နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ တရုတ်နိုင်ငံတော် တစ်ဖန် ပြန်လည်ဆန်းသစ်ခြင်းဆိုတဲ့အယူအဆအတိုင်း ရှီက ကမ္ဘာ့အစီအစဉ်မှာ တရုတ်ရဲ့အနာဂတ်အနေအထားအတွက် ရည်မှန်းချက်ကြီးကြီးထားပါတယ်ဟု ဝမ်ဝေကျန်းပြောကြားချက်ကို RFA က ကိုးကားဖော်ပြခဲ့သည်။

ရှီကျင့်ဖျင်၏ မျှော်မှန်းချက်မှာ သံတမန်ရေးတွင် အဓိကအင်အားကြီးနိုင်ငံကဲ့သို့ လုပ်ဆောင်ရန်ဖြစ်ကြောင်း ဝမ်ဝေကျန်းက ပြောသည်။

ရှီနှင့် ကျင်ဂန်းတို့သည် အမြင်သဘောထားများကို အနည်းငယ်ပျော့ပျောင်းလာနိုင်သော်လည်း အရင်းခံမဟာဗျူဟာသည် ယခင်အတိုင်းရှိနေမည်ဖြစ်ကြောင်း ဝမ်ဝေကျန်းကဆိုသည်။

ကျင်ဂန်းသည် အနှစ် ၂၀ အတွင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် တိုက်ရိုက်ခန့်အပ်ခြင်းခံရသည့် ပထမဆုံး အမေရိကန်ဆိုင်ရာ သံအမတ်ကြီးဖြစ်ပြီး ပြည်သူ့ကွန်ဂရက်နှစ်ပတ်လည်အစည်းအဝေးပြင်ပတွင် ပထမဆုံး ခန့်အပ်ခြင်း ခံရသူခြင်းဖြစ်ကြောင်း RFA က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly