တရုတ်အစိုးရကို ပြစ်တင်ဝေဖန်သော အမျိုးသမီးသတင်းထောက်များ ခြိမ်းခြောက်ခံနေရ

By ANI 
13 January 2023
တရုတ်အစိုးရကို ပြစ်တင်ဝေဖန်သော အမျိုးသမီးသတင်းထောက်များ ခြိမ်းခြောက်ခံနေရ

 

တရုတ်အစိုးရသည် အမျိုးသမီးဂျာနယ်လစ်များနှင့် သုတေသီများကို နှုတ်ဆိတ်သွားစေရန် အွန်လိုင်းမှတစ်ဆင့် ခြိမ်းခြောက်မှုများ ပြုလုပ်နေပြီး ၎င်းတို့၏ တရုတ်အကြောင်း ဝေဖန်ရေးသားချက်များကို မယုံကြည်ကြစေရန် လုပ်ဆောင်နေကြောင်း ပညာရှင်အဖွဲ့ဖြစ်သည့် သြစတြေးလျမဟာဗျူဟာမူဝါဒဌာန (ASPI) က ပြောသည်။

အာရှနွယ်ဖွားအမျိုးသမီးလေ့လာသုံးသပ်သူများကို ၂၀၂၂ ခုနှစ်အတွင်း နှောင့်ယှက်မှုများလာခြင်းသည် တရုတ် အစိုးရ၏ အစီအစဉ်တကျလုပ်ဆောင်သည့် လုပ်ရပ်ဖြစ်ကြောင်း ASPI ၏ သုတေသနပြုချက်တွင် ဖော်ပြထားသည်။

တရုတ်အစိုးရသည် ထောက်ခံအားပေးရေးလှုပ်ရှားမှုအရ သတင်းသမားများအား ဖိနှိပ်မှုကို ရပ်တန့်မည် မဟုတ်ကြောင်း နိုင်ငံတကာအမျိုးသမီးများ မီဒီယာဖောင်ဒေးရှင်း (IWMF) မှ လက်ထောက်ညွှန်ကြားရေးမှူး နာဒင်ဟော့ဖ်မန်က ရေးသားခဲ့သည်။

“ကျွန်မတို့လုပ်နိုင်တာကတော့  ခိုင်မာတဲ့ ဒစ်ဂျစ်တယ်ဘေးကင်းရေးအစီအမံတွေနဲ့ အွန်လိုင်း အလွဲသုံးစား ပြုမှုမူဝါဒတွေကို သတင်းခန်းတွေမှာ အကောင်အထည်ဖော် ကျင့်သုံးဖို့ဖြစ်ပါတယ်။ ဒါမှ တိုက်ခိုက်ခံရမှုတွေရဲ့ သက်ရောက်မှုကို လျှော့ချနိုင်မှာပါ” ဟု ဟော့ဖ်မန်က ပြောသည်။

စစ်တမ်းဖြေဆိုခဲ့သည့် အမျိုးသမီးသတင်းထောက် ၄ ပုံ ၃ ပုံနီးပါးသည် အွန်လိုင်းမှ ခြိမ်းခြောက်မှုများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသမားများဆိုင်ရာ နိုင်ငံတကာစင်တာ၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာ၌  ဖော်ပြခဲ့သည်။

စစ်တမ်းဖြေဆိုသူများအနက်  ၃၀ ရာခိုင်နှုန်းက လူမှုမီဒီယာတွင် ပို့စ်တင်ခြင်းကို သတိထားဆင်ခြင်ခဲ့ပြီး  ၂၀ ရာခိုင်နှုန်းက ပို့စ်တင်ခြင်းကို လုံးဝရပ်ဆိုင်းလိုက်သည်ဟု ဆိုသည်။ ခြိမ်းခြောက်နှောင့်ယှက်မှုများ ခံရသောကြောင့် တချို့က အလုပ်မှ နုတ်ထွက်ခြင်း သို့မဟုတ် သတင်းသမားအဖြစ် လုံးဝ မလုပ်ကိုင်တော့ပေ။

နှောင့်ယှက်မှုတွင် ရုပ်ရည်လက္ခဏာကို ကဲ့ရဲ့စော်ကားခြင်းမှသည် သစ္စာဖောက်ဟုစွပ်စွဲခြင်း သို့မဟုတ် အကြမ်းဖက်မှုနှင့် အဓမ္မပြုကျင့်မှုများပြုလုပ်မည်ဟု ခြိမ်းခြောက်ခံရမှုအထိ ပါဝင်သည်။

"အာဏာရှင်အစိုးရများသည် သတင်းသမားများကို ခြိမ်းခြောက်ရန်နှင့် နှုတ်ဆိတ်သွားစေရန် နယ်နိမိတ်ကျော်လွန်ကာ အွန်လိုင်းတိုက်ခိုက်မှုများကို မည်ကဲ့သို့ အသုံးချနေကြောင်းကို အဆိုပါနှောင့်ယှက်မှုများက ဖော်ပြနေသည်" ဟု နာဒင်ဟော့ဖ်မန်က VOA သို့ အီးမေးလ်ဖြင့် ပြောပြခဲ့သည်။

တရုတ်၏ Spamouflage ဝါဒဖြန့်ကွန်ရက်သည် နှောင့်ယှက်မှုနောက်ကွယ်တွင် ရှိနေနိုင်ကြောင်း ASPI ၏ ဇွန်လနှင့် နိုဝင်ဘာလအစီရင်ခံစာများတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly