တရုတ်နှင့်တာလီဘန် ရေနံထုတ်လုပ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး

By ANI 
13 January 2023
တရုတ်နှင့်တာလီဘန် ရေနံထုတ်လုပ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး

 

အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ အေမူးဒါယာမြစ်ဝှမ်းတွင် ရေနံထုတ်ယူရေးအတွက် တရုတ်နိုင်ငံမှ ရှင်ကျန်းဗဟိုအာရှရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီ (CAPEIC) နှင့် တာလီဘန်တို့သည် ဇန်နဝါရီလ ၅ ရက်တွင် သဘောတူခဲ့ကြောင်း TOLO သတင်းဌာနက ဖော်ပြသည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားကို အာဖဂန်နစ္စတန်ဆိုင်ရာ တရုတ်သံအမတ်ကြီးဝမ်ယုနှင့် စီးပွားရေးဆိုင်ရာ ယာယီလက်ထောက်ဝန်ကြီးချုပ် အဗ္ဗဒူဂါနီဘာရာဒါအပါအဝင် တာလီဘန် အဆင့်မြင့် အရာရှိများတက်ရောက် ခဲ့ကြသည်။

တာလီဘန်ယာယီသတ္တုတွင်းနှင့်ရေနံဝန်ကြီး ရှာဟာဘူဒင်ဒီလဝါက ပထမ ၃ နှစ်အတွင်း စူးစမ်းလေ့လာမှုပြုလုပ်မည်ဖြစ်ပြီး ယင်းကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၄၅၀ ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ပထမ ၃ နှစ်အတွင်းမှာ စူးစမ်းလေ့လာရေးတွေ ပြုလုပ်ပါမယ်။ အဲဒီကာလမှာ ဆာအီပယ်လ်၊ဂျောဇ်ဂျန်နဲ့ ဖာယက်အပါအဝင် ပြည်နယ် ၃ ခုက စီမံကိန်းဧရိယာ စတုရန်းကီလိုမီတာ ၄၅၀ဝ ပေါ်မှာ အနည်းဆုံး ရေနံတန်ချိန် ၁ ၀ဝဝ ကနေ ၂၀ ဝဝဝ အထိ ထုတ်ယူသွားမှာ" ဟု ရှာဟာဘူဒင်ဒီလဝါက ပြောသည်။

ရေနံထုတ်ယူရာတွင် သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်ရန် စီးပွားရေးလက်ထောက်ဝန်ကြီး ဘာရာဒါက တရုတ်ကုမ္ပဏီ CPEIC ကို တောင်းဆိုခဲ့သည်။

နိုင်ငံတကာစံနှုန်းတွေပေါ်အခြေခံပြီး ရေနံကို ထုတ်ယူဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီမှုတွေ ရရှိမှာပါဟု ၎င်းက ဆိုသည်။

မြောက်ပိုင်းပြည်နယ် ဆာအီပယ်လ်၊ဂျောဇ်ဂျန်နဲ့ ဖာယက်တို့တွင် တစ်နေ့လျှင် တန်ချိန် ၁ ၀ဝဝ စတင်ထုတ် လုပ်မည်ဖြစ်ကြောင်း The Khaama Press သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းစီမံကိန်းက  အလုပ်အကိုင်ပေါင်း ၃၀ဝဝ ခန့် ဖန်တီးပေးနိုင်လိမ့်မည်ဟု တာလီဘန်တို့က မျှော်လင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly