အင်ဒိုနီးရှားဓာတ်ငွေ့လုပ်ကွက်အနီးတွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ကင်းလှည့်

By RFA   
13 January 2023
အင်ဒိုနီးရှားဓာတ်ငွေ့လုပ်ကွက်အနီးတွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ကင်းလှည့်

 

အင်ဒိုနီးရှားအစိုးရက ကမ်းလွန်ဓာတ်ငွေ့တူးဖော်မည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီးနောက် တရုတ်ကမ်းခြေ စောင့်တပ်၏ ဦးဆောင်သင်္ဘောသည် အင်ဒိုနီးရှားပိုင် နာတူနာကျွန်းများတစ်ဝိုက်ရေပြင်တွင် ကင်းလှည့်နေကြောင်း သင်္ဘောခြေရာခံအချက်အလက်ပြဝက်ဘ်ဆိုက် Marine Traffic တွင် ဖော်ပြထားသည်။

ကမ္ဘာ့အကြီးဆုံး ကမ်းခြေစောင့်တပ်သင်္ဘော CCG 5901 သည် ဒီဇင်ဘာ ၃၀ ရက်ကတည်းက ယင်းနေရာတွင် ရောက်နေသည်ဟု ဆိုသည်။

အင်ဒိုနီးရှားအစိုးရသည်  သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်းရှိ Tuna Block လုပ်ကွက်တွင် ကမ်းလွန်ဓာတ်ငွေ့တူးဖော်မည့်အစီအစဉ်ကို ယခုသီတင်းပတ်အစောပိုင်းတွင် အတည်ပြုခဲ့ပြီး ယင်းလုပ်ကွက်သည် တောင်တရုတ် ပင်လယ်အများစုကို သမိုင်းကြောင်းအရ ပိုင်ဆိုင်ကြောင်း တရုတ် တောင်းဆိုသည့် ရေပိုင်နက်သတ်မှတ်ချက် ၉ နေရာ (nine-dash line) အတွင်းလည်း ပါဝင်နေသည်။

ဗီယက်နမ်နှင့် အင်ဒိုနီးရှား၏ တောင်းဆိုချက်များသည်လည်း ရေပိုင်နက်သတ်မှတ်ချက် ၉ နေရာအတွင်းတွင် ရှိနေကာ နှစ်နိုင်ငံသည် EEZ များ၏ နယ်နိမိတ်များဆိုင်ရာ ဆွေးနွေးပွဲများကို ဒီဇင်ဘာလက ကျင်းပခဲ့ပြီး ယင်းက တရုတ်ကို ဒေါသထွက်စေနိုင်သည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ အဓိပ္ပါယ်မဲ့လှသော တောင်းဆိုမှုများကို ကျောထောက်နောက် ခံပြုရေးအတွက် တရုတ်ကမ်းခြေစောင့်သင်္ဘောများသည် ယင်းဧရိယာအတွင်း ကင်းလှည့်နေကြကြောင်း အင်ဒိုနီးရှားအစိုးရ အကြီးတန်းအရာရှိနှင့် အင်ဒိုနီးရှားရေကြောင်းလုံခြုံရေးဌာန (Bakamla) မှ ကပ္ပတိန် ပရာတာမာက ပြောကြားခဲ့သည်။

အရွယ်အစားနှင့် တန်ချိန်ကြောင့် ‘Monster’ ဟုအမည်ပေးထားသော CCG 5901 သင်္ဘောတည်ရှိနေခြင်းက တရုတ်၏ ရန်လိုမှုကို ဖော်ပြနေသည်။

အင်ဒိုနီးရှားရေနံတူးဖော်ရေးနှင့် သဘာဝဓာတ်ငွေ့ကြီးကြပ်ကွပ်ကဲမှုအဖွဲ့(SKK Migas) က Tuna Block ခေါ် Tuna ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးအစီအစဉ်ကို အတည်ပြုခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက RFA ၏ တွဲဖက်သတင်းဌာန BenarNews သို့ အတည်ပြုပြောကြားခဲ့သည်။

စီမံကိန်းစတင်ကတည်းက အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း SKK Migas ပြောရေးဆိုခွင့်ရှိသူ မူဟာမက်ကာမယ်လ်က ပြောကြားခဲ့သည်။

လန်ဒန်စတော့ကုန်စည်ဒိုင်တွင် စာရင်းဝင်ထားသော အကြီးဆုံးနှင့် ပုဂ္ဂလိက ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီဖြစ်သည့် Harbor Energy ၏ ကုမ္ပဏီခွဲတစ်ခုက ယင်းလုပ်ကွက်တွင် ကြီးကြပ်လုပ်ဆောင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly