တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် လူဦးရေ ၉၀ ရာခိုင်နှုန်းနီးပါး ကိုဗစ်ကူးစက်ခံထားရကြောင်း တာဝန်ရှိသူများ ပြောကြား

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်တွင် လူဦးရေ ၉၀ ရာခိုင်နှုန်းနီးပါး ကိုဗစ်ကူးစက်ခံထားရကြောင်း တာဝန်ရှိသူများ ပြောကြား

 

တရုတ်နိုင်ငံတွင်  မကြုံစဖူး ကိုဗစ်ကူးစက်မှုများ မြင့်တက်လာသည်ကို  ရင်ဆိုင်နေရစဉ်တွင် ကိုဗစ်ကို အသည်းအသန် တွန်းလှန်နေရသည့် ဟဲနန်ပြည်နယ်တွင် ရောဂါကူးစက်ခံထားရသူ ၉၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ်ကျန်းမာရေးကော်မရှင်ဒါရိုက်တာ ကန်ကွမ်ချန်းက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့အထိ  ပြည်နယ်၏ ကိုဗစ်ကူးစက်မှုနှုန်းသည် ၈၉ ရာခိုင်နှုန်း ရှိသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လူဦးရေ ၉၉ ဒသမ၄ သန်းရှိသည့် ဟဲနန်တွင် ယခုအခါ လူ ၈၈ ဒသမ ၅ သန်းခန့် ရောဂါကူးစက်ခံထားရဖွယ် ရှိသည်။

အငြင်းပွားဖွယ် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို စွန့်လွှတ်ပြီးနောက် ဖြစ်ပေါ်ခဲ့သော ကပ်ဆိုးကြောင့် အန္တရာယ်များသောမျိုးကွဲသစ်များပေါ်ပေါက်လာမည်ကို ပညာရှင်များက စိုးရိမ်နေကြသည်။

ရက်စက်သော တရုတ်အစိုးရကို  ဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပေါ်ပြီးနောက် ပြီးခဲ့သည့်လက အခြေအနေမပြောင်းလဲခင်အထိ တရုတ်သည် ကြမ်းတမ်းလှသော ထိန်းချုပ်ရေးမဟာဗျူဟာကို အားထားခဲ့သည်။ ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန်အတွက် ကူးစက်မှုအနည်းငယ်တွေ့ရုံမျှနှင့်ပင် မြို့ကြီးများကို အသွားအလာပိတ်ဆို့ပစ်ခဲ့သည်။

သို့သော် ၂၀၂၂ အစောပိုင်းတွင် အသွားအလာများပြန်ဖွင့်ပေးခဲ့သော အနောက်တိုင်းနိုင်ငံများနှင့်မတူဘဲ တရုတ်သည် သဘာဝ ခုခံအားစနစ်ကို မရရှိဘဲဖြစ်ခဲ့သည်။

နိုင်ငံအနှံ့ ကာကွယ်ဆေးထိုးနှံမှု နည်းပါးမှုနှင့်အတူ သီးသန့်နေခဲ့သည် နည်းဗျူဟာများ၏ အကျိုးဆက်ကြောင့် ကူးစက်မှု ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

ဟဲနန်ပြည်နယ်ကျန်းမာရေးကော်မရှင်ဒါရိုက်တာ ကန်ကွမ်ချန်းက ကိုဗစ်အခြေအနေနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၉ ရက်က ဆေးရုံဆေးခန်းများသို့ လာရောက်သူ အများဆုံးရှိခဲ့ကြောင်းနှင့်  နောက်ပိုင်းတွင် ရောဂါဖြစ်ပွားမှုနှုန်း ဆက်တိုက်ကျဆင်းခဲ့ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly