နီပေါနိုင်ငံဆိုင်ရာ တရုတ်သံတမန်သစ်က  နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် ကတိပြု

By ANI
13 January 2023
နီပေါနိုင်ငံဆိုင်ရာ တရုတ်သံတမန်သစ်က  နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် ကတိပြု

နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် ချန်ဆောင်းသည် ဇန်နဝါရီ ၈ ရက်တွင် မြို့တော် ခတ္တမန္ဒူသို့ ရောက်ရှိပြီးနောက် တရုတ်သည် ဘုံဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် နီပေါနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားလိုက်သည်။

ချန်ဆောင်းက တရုတ်နှင့် နီပေါနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထရိုင်ဘူဗန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သတင်းထောက်များကို ပြောကြားခဲ့သည်ဟု The Kathmandu Post သတင်းစာက ဖော်ပြခဲ့သည်။

“အလွှာပေါင်းစုံက နီပေါမိတ်ဆွေတွေနဲ့ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်ဖို့၊ နှစ်နိုင်ငံ ပြည်သူတွေအတွက် ပိုမို အကျိုးဖြစ်ထွန်းစေမယ့် ဉာဏ်ပညာနဲ့ ခွန်အားတွေ စုစည်းဖို့နဲ့  ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝပြောရေးအတွက် ရေရှည်တည်မြဲတဲ့ မိတ်ဆွေအဖြစ် တရုတ်-နီပေါ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုရဲ့ စာမျက်နှာသစ်ကို    အတူတကွဖွင့်လှစ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။” ဟု ချန်ဆောင်းက ပြောကြားခဲ့သည်။

"မိမိတို့၏မူလမျှော်မှန်းချက်အတိုင်း လိုက်နာရန်၊ ချစ်ကြည်ရင်းနှီးမှုကို အမွေဆက်ခံရန်၊ ဘုံဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေရေးပူးပေါင်းရန်နှင့် အနာဂတ်တွင် ပိုမိုရင်းနှီးသော တရုတ်-နီပေါအသိုက်အဝန်းကို တည်ဆောက်ရန် တရုတ်နိုင်ငံသည် နီပေါနိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိသည်” ဟု ချန်ဆောင်းက ဆိုသည်။

ချန်ဆောင်းက နီပေါနိုင်ငံဆိုင်ရာ ၂၂ ယောက်မြောက် တရုတ်သံအမတ်အဖြစ် တာဝန်ယူခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်းလည်း  Twitter တွင် ရေးသားခဲ့သည်။

"နီပေါနိုင်ငံမှာ ၂၂ ယောက်မြောက် တရုတ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ဒီနေ့ ခတ္တမန္ဒူကို ရောက်လာတော့ ကြီးကျယ်ခမ်းနားတဲ့ အလှတရားနဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုကို အံ့အားသင့်ဖွယ် မြင်တွေ့ရပြီး ပြည်သူတွေ့ရဲ့ ကြင်နာမှုနဲ့ နွေးထွေးမှုကို သဘောကျမိပါတယ်" ဟု Twitter ၌ ရေးသားခဲ့သည်။

တရုတ်-နီပေါ ပူးပေါင်းဆောင်ရွက်မှုအလားအလာကို အပြည့်အဝဖော်‌ဆောင်နိုင်ရန် နီပေါနိုင်ငံမှမိတ်ဆွေများနှင့် လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း တရုတ်သံတမန်သစ်က အလေးပေးပြောကြားခဲ့သည်။

"တရုတ်-နီပေါ ပူးပေါင်းဆောင်ရွက်မှု အလားအလာ အပြည့်အဝ ဖော်ဆောင်နိုင်ဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်မြှင့်တင်ဖို့ သံရုံးမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အလွှာအသီးသီးက နီပေါမိတ်ဆွေတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ" ဟု ချန်ဆောင်းကဆို သည်။

တရုတ်သည် ချန်ဆောင်းကို နီပေါနိုင်ငံဆိုင်ရာ သံအမတ်သစ်အဖြစ် နိုဝင်ဘာလတွင် အဆိုပြုခဲ့ကြောင်း Kathmandu Post သတင်းတွင် ဖော်ပြထားသည်။ အောက်တိုဘာလတွင် ၄ နှစ် ရာထူးသက်တမ်း ပြီးဆုံးပြီးနောက် တရုတ်နိုင်ငံသို့ ပြန်သွားသည့် ဟောင်ယန်ချီနေရာတွင် ချန်ဆောင်းကို အစားထိုးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly