စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ထိထိရောက်ရောက် ဟန့်တားကြရန် TNLA တိုက်တွန်း

By နောင်နောင်/မဇ္စျိမ
13 January 2023
စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ထိထိရောက်ရောက် ဟန့်တားကြရန် TNLA တိုက်တွန်း

မဇ္ဈိမ။ ။အာဏာသိမ်း စစ်ကောင်စီက စစ်အာဏာရှင်စနစ် အဆက်ဆက် အာဏာတည်မြဲရေးအတွက် ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲကို တော်လှန်ရေးနယ်မြေအသီးသီးတွင် ထိထိရောက် ဟန့်တားကြရန် TNLA ၏ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက တိုက်တွန်းလိုက်သည်။

“စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မယ့် ဘယ်လိုထောက်ပံ့မှုမျိုးကိုမဆို “ ဟန့်တားကြရန် TNLA ၏ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ယနေ့ ဇန်နဝါရီလ ၁၂ရက်နေ့တွင် ကျရောက်သော နှစ် (၆၀) ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား မိန့်ခွန်းမှာ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ထိုသို့ တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် နိုင်ငံရေး ပဋိပက္ခအတွင်းမှာ တော်လှန်ရေးအင်အားစုများအချင်းချင်း အပြန်အလှန် ကူညီထောက်ပံ့မှုဖြင့် အာဏာသိမ်းစစ်တပ်ကို လက်တွေ့ကျသည့် နည်းဗျူဟာများဖြင့် တိုက်ခိုက်ကြရန် လိုအပ်ကြောင်းလည်း ဆိုသည်။

သို့သော်လည်း တစ်ဖက်မှာ ဒေသခံများ၏ လူမှုရေး၊ စီးပွားရေးနှင့် လုံခြုံရေးကိုလည်း အလေးထားရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

ယခုအချိန်တွင် စစ်အာဏာရှင်ဘက်က အကြောက်တရားများ ဖန်တီးနေသော်လည်း လူထုတစ်ရပ်လုံးက စစ်အာဏာရှင် အလိုမရှိကြောင်း တုံ့ပြန်နေခြင်းဖြစ်၍ နိုင်ငံတကာ ခေါင်းဆောင်များအနေဖြင့်လည်း တော်လှန်ရေးအင်အားစုများကို ကူညီပေးကြရန် TNLA က တောင်းဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံအနှံ့မှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားအများအပြား သေဆုံးခဲ့ရပြီး ယခုနှစ်တွင်လည်း တိုက်ပွဲများ ပိုမိုပြင်းထန်နိုင်သည့်အတွက် လေကြောင်းအန္တရာယ် သတိရှိကြရန်လည်း တိုက်တွန်းထားသည်။

စစ်ကောင်စီသည် ယခု ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် လျာထားသော်လည်း နိုင်ငံအနှံ့မှာ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်၍ ရွေးကောက်ပွဲကျင်းပရန် မရေရာသော အခြေအနေဖြစ်သည်ဟု လေ့လာသူများက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required