ထောင်ထဲကကြိုးစင်ကို ထောင်ထဲကနေဖြိုတဲ့ ရဲဝံ့စွန့်စားသူများ

By မောင်ကြီး (မဇ္ဈိမ)
13 January 2023
ထောင်ထဲကကြိုးစင်ကို ထောင်ထဲကနေဖြိုတဲ့ ရဲဝံ့စွန့်စားသူများ

ကျောင်းဆရာဦးကောင်းခန့်ကျော်နဲ့ နိုင်ငံရေးအကျဥ်းသား ကိုဝေယံဖြိုး၊ ကိုဝင်းမင်းထက်တို့ မည်သို့မျှ မဆက်စပ်။ သွေးလည်းမတော် ဆွေလည်းမစပ်။ တစ်ဦးနှင့်တစ်ဦး သိလည်းမသိ။ သို့သော် အာဏာရှင်ကြီးစိုးနေသော နိုင်ငံရေးစနစ်အောက်တွင် ၎င်းတို့သုံးဦး ရေစက်ဆုံခဲ့ကြပြီ။ လာခြင်းကောင်းသော ရေစက်တော့မဟုတ်။ သွေးအလိမ်းလိမ်းစွန်းထင်ပေကျံနေသော ရေစက်။ အကျဥ်းထောင်အတွင်း တစ်နေရာစီတွင် သူတို့အကျဥ်းချခံပြီးတစ်ယောက်ကို တစ်ယောက် မသိမမြင်ဖူးဘဲတစ်ယောက်အတွက်တစ်ယောက် အသက်ပေးဝံ့ခဲ့ကြသော ရေစက်ဆုံ​ခြင်း။

- သေမိန့်ကျCDM ကျောင်းဆရာလေးတစ်ဦး

ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးသတ်ဖြတ်​တာတာတွေ၊ ထောင်သွင်းအကျဥ်းချ​တာတွေကို အထိန်း

အကွပ်မရှိလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို သေဒဏ်ချမှတ်လိုက်ခြင်းနဲ့အတူ ၂၀၂၂ ခုနှစ် ကန့်လန့်ကာကို ဘီလူးဆိုင်းတီး ပိတ်သိမ်းခဲ့ပါတယ်။

ဦးကောင်းခန့်ကျော်ဟာဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် သပြေကုန်းအုပ်စုက ကျောင်းဆရာလေးတစ်ဦးဖြစ်ပါတယ်။ ချို့တဲ့တဲ့ မိသားစုလေးမှာ မိခင်က အကြော်ရောင်း၊ ဖခင်က အငှားကားလိုက်၊ သားဖြစ်သူကျောင်းဆရာက ဝန်ထမ်းအဖြစ်နဲ့ မိသားစု ဝမ်းစာဖြည့်ကြရတယ်။ဦးကောင်းခန့်ကျော်ဟာ မြန်အောင်မြို့နယ်၊ ထိပ်ပုတ်ကုန်းကျေးရွာ အထက်တန်းခွဲ ကျောင်းမှာ မူလတန်းပြ ကျောင်းဆရာအ​​ဖြစ် တာဝန်ထမ်းနေစဥ်မှာပဲ စစ်အာဏာသိမ်းဝဲဂယက်မှာ မျောပါလွင့်စင်ခဲ့ရှာတယ်။

ရွာက ခေါင်ပေမယ့် အသိပညာနဲ့နိုင်ငံရေးအပေါ်နားလည်မှုအတွေးအခေါ်က မခေါင်တဲ့ လူငယ်ကျောင်းဆရာလေးဟာ စစ်အာဏာရှင်ကို အာဏာဖီဆန်ပြီးCDM ပြုလုပ်ခဲ့ပါတယ်။

CDM ကျောင်းဆရာအဖြစ်နဲ့ တိမ်းရှောင်နေစဥ် မြန်အောင်မြို့က ထောင်ထွက်စစ်ကောင်စီသတင်းပေးတစ်ဦးအသတ်ခံရမှုနဲ့ပတ်သက်ပြီး၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်။ကြိုတင်ကြံစည်ပြီးလူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀(စ) တို့နဲ့အမှုဖွင့် တရားစွဲတယ်။၂၀၂၂ ဒီဇင်ဘာလ ၃၀ရက်မှာတော့ ဟင်္သာတခရိုင်တရားရုံးက သေဒဏ်အမိန့်ချမှတ်​လိုက်ပါတယ်။ စစ်အာဏာရှင်‌လက်အောက်မှာ ပထမဆုံးသေဒဏ်ချမှတ်ခံရတဲ့ CDM ကျောင်းဆရာအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။အမိန့်ချပြီးပြီးချင်း ပုသိမ်ထောင်ကို ပို့လိုက်တဲ့အခါ စစ်အာဏာရှင်တော်လှန်ရင်း အကျဥ်းချခံထားရတဲ့ ကိုဝေယံဖြိုး၊ ကိုဝင်းမင်းထက်တို့နဲ့ ရေစက်ဆုံခဲ့တာပါ။

သေဒဏ်ကျ ကျောင်းဆရာလေးအတွက် ရဲရင့်တဲ့ လူငယ်နိုင်ငံရေးအကျဥ်းသားတွေရဲ့ ပုသိမ်ထောင်တွင်း ငရဲခန်းက နာနာကျင်ကျင် ဟစ်အော်ညည်းတွားသံတွေဟာ ထောင်နံရံကိုကျော်လွန် လွင့်ပျံ့လာခဲ့ပါတယ်။

- ပုသိမ်ထောင်ထဲမှာ ဘာတွေ ဖြစ်ခဲ့လဲ

၂၀၂၃ခုနှစ် ဇန်နဝါရီလ (၅)ရက်။

စစ်အာဏာရှင်လက်အောက်က နိုင်ငံမှာထုံးစံအတိုင်း အညာဒေသတိုက်ပွဲတွေဟာ ဆက်ဖြစ်နေပါတယ်။ ကချင်နဲ့ ကရင်ပြည်နယ်မှာလည်း ပြည်သူ့ကာကွယ် ရေးမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီ တိုက်ပွဲတွေ ဖြစ်နေခဲ့ပါတယ်။ချင်းနဲ့ကရင်နီဒေသမှာလည်း စစ်ရေးတင်းမာနေပါတယ်။ တော်လှန်ရေးအားမကောင်းဘူးလို့ ယူဆခံနေရတဲ့ ဧရာဝတီတိုင်းထဲက တစ်နေရာမှာတော့ ရန်လိုနေတဲ့စစ်ကောင်စီတပ်ဖွဲဲ့ဝင်တွေဟာ သူတို့ကို ဆန့်ကျင်နေတဲ့ လူငယ်တစ်စုကို အုပ်စုဖွဲ့ပြီး ရက်ရက်စက်စက် ရိုက်နှက်နေပါတယ်။ အဲ့ဒီနေ့က ဇန်နဝါရီလ (၅)ရက်နေ့ဖြစ်ပြီး နေရာကတော့ ပုသိမ်အကျဥ်းထောင်ထဲမှာပါ။လူမသိသူမသိဒီဖြစ်ရပ်ဟာ အကျဥ်းသားတစ်ယောက်သေဆုံးပြီး ပျောက်သူကပျောက်၊သွေးအိုင်ထဲလဲသူလဲနေချိန်ကျမှ ထောင်နံရံကို ကျော်လွန်ပြီး လူထုက သိခွင့်ရတာပါ။

ဒီဇင်ဘာလ(၃၀)ရက်က သေဒဏ်ချမှတ်ခံရပြီး ပုသိမ်ထောင်ကို အပို့ခံရတဲ့ ကျောင်းဆရာဦးကောင်းခန့်ကျော်ကို ကြိုးပေးမယ်ဆိုတဲ့သတင်းက ပုသိမ်ထောင်ထဲမှာ ခပ်သဲ့သဲ့ထွက်နေပါတယ်။ ဦးကောင်းခန့်ကျော်ကို ကြိုးပေးဖို့ ထောင်ထဲမှာ ကြိုးစင်ဆောက်နေတဲ့သတင်းလည်း တဆက်တည်းထွက်ပေါ်လာပါတယ်။အထူးသဖြင့် ကိုဝေယံဖြိုးတို့ ကိုဝင်းမင်းထက်တို့လို စစ်အာဏာရှင်ကိုတော်လှန်ရေးလုပ်ရင်း အကျဥ်းကျနေတဲ့ လူငယ်တွေကြားထဲမှာ အဲဒီသတင်း ကျယ်ကျယ်ပြန့်ပြန့်ထွက်နေတာပါ။

ကိုယ်ကိုယ်တိုင်က ထောင်နံရံကြားထဲရောက်နေပေမယ့် သေဒဏ် မတရားသဖြင့်ချမှတ်ခံထားရတဲ့ ကျောင်းဆရာ‌လေးရဲ့အသက်ကို ကယ်နိုင်ဖို့ နိင်ငံရေးအကျဥ်းသားလူငယ်တစ်စုက ကြိုးစားခဲ့ကြပါတယ်။

ကျောင်းဆရာဦးကောင်းခန့်ကျော်ကို သေဒဏ်စီရင်မယ့် ကြိုးစင်ဆောက်နေတာကိုရပ်ဖို့ ကိုဝင်းမင်းထက် တို့နိုင်ငံရေးအကျဉ်းသားရှစ်ဦးက ပုသိမ်ထောင် တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ကြပါတယ်။ဒီလိုတောင်းဆိုမှုအပေါ် ဧရာ၀တီတိုင်း အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးဦးဇော်စစ်အောင်နဲ့ ပုသိမ်အကျဥ်းထောင်မှူးဦးနေမင်းထက်က အကြမ်းဖက်ကိုင်တွယ်ခဲ့ကြပါတယ်။

သူတို့အကြောင်းပြချက်ကနိုင်ငံရေးအကျဉ်းသားတစ်ဦးဆီမှာ ကီးပက်ဖုန်းတလုံး တွေ့တယ်လို့ စွပ်စွဲပြီး ကို၀င်းမင်းထက်အပါအဝင် နိုင်ငံရေး အကျဉ်း

သား ရှစ်ဦးကို ဇန်နဝါရီလ(၅) ရက်ည (၁၁)နာရီခန့်မှာ အကျဉ်းထောင်အချုပ်ဆောင်ထဲကနေ ဆွဲခေါ်ထုတ်သွားပါတယ်။ အဲ့ဒီနောက် ညလုံးပေါက် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဧရာဝတီတိုင်းအခြေပြုတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

နောက်တနေ့မှာ နိုင်ငံရေးအကျဥ်းသား ခုနှစ်ဦးကို တိုက်ပိတ်ခဲ့ပြီး ကိုဝင်းမင်းထက်တစ်ယောက်ကတော့ ပျောက်ဆုံးနေခဲ့ပါတယ်။ အချုပ်ဆောင်ထဲလည်း ပြန်ရောက်မလာသလို၊ တိုက်ပိတ်တဲ့အထဲလည်း မပါဝင်တာကြောင့် ကိုဝင်းမင်းထက်ကို ပြန်ထုတ်ပေးဖို့နဲ့ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသား ၆၀ ခန့်က ဇန်နဝါရီလ (၆) ရက်မှာ ထောင်တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီလိုတောင်းဆိုနေချိန် အကျဥ်းသားတစ်ယောက်ကို ထောင်တာဝန်ရှိသူတစ်ယောက်က နံပါတ်တုတ်နဲ့ရိုက်ပြီး အဓိကရုဏ်းဖြစ်အောင် မီးမွှေးခဲ့ပါတယ်။ အဲ့ဒီ​နောက်တော့ ကိုဝေယံဖြိုးအပါအဝင် ပုသိမ်ထောင်ထဲက နိုင်ငံရေးအကျဥ်းသားတွေက ကို၀င်းမင်းထက်ကို ပြန်ထုတ်ပေးဖို့၊တိုက်ပိတ်ခံအကျဥ်းသားတွေ ပြန်လွှတ်ပေးဖို့၊ ကျောင်းဆရာဦးကောင်းခန့်ကျော်ကို သေဒဏ်မစီရင်ဖို့ အော်ဟစ်တောင်းဆိုခဲ့ကြတယ်လို့ ဇန်နဝါရီလ(၆) ရက် မနက်ပိုင်း ပုသိမ်ထောင်တွင်းဖြစ်စဥ်ကို သိရှိထားသူတစ်ဦးက ပြောပြပါတယ်။ အဲ့ဒီနေ့က ထောင်ဝင်စာတွေ့ခွင့်ပေးတဲ့နေ့လည်း ဖြစ်ပါတယ်။

အကျဥ်းသားတွေ ဆန္ဒထုတ်ဖော်နေချိန်ထောင်ထဲမှာ ရှိတဲ့ စစ်ပြေး၊ ရဲပြေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အကျဉ်းသား (၂၀) ခန့်ဟာ ခေါင်းမှာအဝတ်နက်တွေစွပ်ပြီး တုတ်တွေ ကိုယ်စီကိုင်လျှက်အချုပ်ဆောင် စင်္ကြန်တလျှောက် နေရာယူခဲ့ကြပါတယ်။ ဒီမြင်ကွင်းတွေဟာ အာဏာရှင်ကိုမကြောက်မရွံ့ တော်လှန်နေတဲ့ သတ္တိခဲလူငယ်တွေကို ပိုပြီးသွေးကြွစေခဲ့ပါတယ်။ မျက်နှာဖုံးစွပ်စစ်ပြေး၊ရဲပြေးတွေကို မောင်းထုတ်နေချိန်မှာပဲ လက်နက်အပြည့်အစုံနဲ့ရဲတွေရောက်လာပြီး အကျဥ်းသားတွေကို သေနတ်နဲ့ ပစ်ခတ်ပါတော့တယ်။ဝရုန်းသုန်းကားအခြေအနေမှာ လက်နက်မဲ့ နိုင်ငံရေးအကျဥ်းသား (၆၀)ခန့်ကို ရဲတွေနဲ့ အကျဥ်းထောင်လက်ပါးစေတွေက လက်ပြန် ကြိုးတုပ်ပြီး ရိုက်နှက်ခဲ့တဲ့အတွက် အကျဉ်းသားအချို့ ခြေကျိုး၊လက်ကျိုး၊ခါးရိုးကျိုးဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ ထောင်းတွင်းအခြေအနေတွေကို လိမ်လည်ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံရေးအင်အားစုတွေကပြောပါတယ်။

ပုသိမ်ထောင်အဓိကရုဏ်းဖြစ်စဉ်မှာ ကိုဝေယံဖြိုးကို အကျဥ်းထောင်လက်ပါးစေတွေက သတ်ဖြတ်ပစ်ခဲ့ပါတယ်။ သေနတ်နဲ့ သုံးချက်တိတိပစ်သတ်တာလို့ ကိုဝေယံဖြိုးရဲ့ မိတ်ဆွေတစ်ဦးကပြောပါတယ်။ဒဏ်ရာပြင်းထန်တဲ့ နိုင်ငံရေးအကျဉ်းသား(၁၃) ဦးဟာ ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး(၄)ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေပါ။ ကိုဝင်းမင်းထက်တစ်ယောက်ကတော့ ပျောက်ခြင်းမလှ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

- အာဏာရှင်အလိုကျ အထိမ်းအကွပ်မဲ့နေတဲ့အကျဥ်းထောင်

ပုသိမ်အကျဥ်းထောင်ဖြစ်ရပ်ဟာ ခေတ်အဆက် ဆက် အကျဥ်းထောင်အဓိကရုဏ်းဖြစ်စဥ်တွေထဲမှာအကျည်းတန်ဆုံးနဲ့ အရက်စက်ဆုံးဖြစ်ရပ်လို့ အငြိမ်းစား အကျဥ်းထောင်အရာရှိတွေကဆိုပါတယ်။ထောင်တာဝန်ရှိသူတွေဟာ အကျဥ်းထောင် လက်စွဲဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့တယ်လို့ ဆိုကြပါတယ်။

"ပုသိမ်ထောင်ဖြစ်ရပ်က ခေတ်ကိုနောက်ပြန်ဆွဲချသွားပြီ။ အကျဥ်းထောင်ထဲက အကျဥ်းသားအချင်းချင်းရိုက်ခိုင်းတာက ဘယ်ခေတ်ဘယ်အခါကမှ မရှိဘူး။၂၀၂၂ နောက်မှာ ထောင်အရာရှိ၊ထောင်ဝန်ထမ်းတွေကိုယ်တိုင်အရိုင်းစိတ်ဝင်သွားပြီ။နိုင်ငံရေးအကျဥ်းသားတွေကို ထစ်ခနဲ့ရှိရိုက်ဖို့ပြင်နေတာ"ဟု ပြည်ပမှာ အခြေချနေတဲ့ အကျဥ်းဦးစီးဌာန အငြိမ်းစားအရာရှိတစ်ဦးကပြောပါတယ်။

ကိုဝေယံဖြိုးကို အသက်​သေတဲ့အထိ ကျူးလွန်ပြီး အကျဥ်းသားတွေကို သွေးစွန်းစေတဲ့ ထောင်ဝန်ထမ်းတွေနဲ့ အရာရှိတွေရဲ့ လုပ်ရပ်ဟာ စက်ဆုပ်ဖွယ်ကောင်းတယ်လို့ အဆိုပါအရာရှိကဆိုပါတယ်။

အကျဥ်းဦးစီးဌာန အငြိမ်းစားအရာရှိတစ်ဦးကလည်း ၁၉၉၈ ခုနှစ်ဝန်းကျင်ခန့်က သူသိခဲ့တဲ့အတွေ့အကြုံတစ်ခုကို ပုသိမ်ထောင်ဖြစ်ရပ်နဲ့ နှိုင်းယှဥ်ပြီး ပြောပြပါတယ်။ ၁၉၉၈ ခုနှစ်ဝန်းကျင်တုန်းက အကျဥ်းကျ နိုင်ငံရေးအကျဥ်းသားတစ်ဦးဟာ ဝန်ထမ်းတစ်ယောက်ရဲ့ အကူအညီနဲ့ ထောင်ထဲကို ရေဒီယိုသေးသေးလေးတစ်လုံးခိုးသွင်းပြီး သတင်းတွေ တိတ်တဆိတ်နားထောင်နေခဲ့ပါတယ်။ အကျဥ်းဦးစီးဌာနအရာရှိတွေက သိတဲ့အခါ ရေဒီယိုပိုင်ရှင်အကျဉ်းသားကို သီးခြားခေါ်တွေ့ပြီး ရေဒီယိုကို ထောင်ဝင်စာတွေ့ချိန်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ထုတ်လိုက်ဖို့ တောင်းဆိုညှိနှိုင်းခဲ့ပါတယ်။ အဲ့ဒီနေ့ ထောင်ထဲက ထုတ်မယ့်အရာဝတ္ထုမှန်သမျှကိုလည်း မစစ်ဆေးဖို့ သီးခြားညွှန်ကြားခဲ့ပါတယ်။ ထောင်အရာရှ်ိနဲ့ အကျဥ်းသားကြား နားလည်မှုယူပြီး ဖြေရှင်းခဲ့တဲ့ အဲ့ဒီပြဿနာဟာ ဘယ်သူမှမသိဘဲ

ပြီးဆုံးသွားခဲ့ပါတယ်။ အခု ပုသိမ်ထောင်မှာ နိုင်ငံရေးအကျဥ်းသားတစ်ယောက်စီက ကီးပက်ဖုန်းတွေ့လို့ဆိုပြီး အကျဥ်းသားကိုသတ်ပစ်တဲ့အထိကျူးလွန်ခဲ့တာဟာ စစ်ကောင်စီလက်ပါးစေ အကျဉ်းထောင်အရာရှိတွေရဲ့ ရန်လိုမှုသက်သက်လို့ သုံးသပ်ပါတယ်။

"စစ်ကောင်စီဟာ ယန္တရားကြီးတစ်ခုလုံးကို အချင်း ချင်းနှိပ်စက်သတ်ဖြတ်အောင် ပုံသွင်းနေတဲ့အနေ အထားမျိုးဖြစ်နေပြီလို့ ကျွန်တော်တို့ သံသယရှိတယ်" လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကလည်း ပုသိမ်ထောင်တွင်းဖြစ်ရပ်ဟာ မတရားညှဉ်းပန်းနှိပ်စက်မှုနဲ့ဥပဒေမဲ့သတ်ဖြတ်တဲ့ ရာဇဝတ်မှုကိုပါကျူးလွန်လိုက်တဲ့ လုပ်ရပ်လို့ ရှုတ်ချခဲ့ပါတယ်။

ဒီလုပ်ရပ်တွေကို ပြည်တွင်း တရားစီရင်ရေးကဏ္ဍအတွင်း ကိုင်တွယ်အရေးယူနိုင်ခြင်းမရှိတဲ့အတွက် နိုင်ငံတကာတရားစီရင်ရေးယန္တရားကနေ အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့လည်း AAPPက နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။ ဒါ့အပြင်ပုသိမ်အကျဉ်းထောင် တာဝန်ခံအရာရှိ နေမင်းထက်၊ ပုသိမ်မြို့မရဲစခန်မှူး မြင့်အောင်၊ နယ်မြေစခန်းမှူးကျော်ဦးတို့အပါအဝင် အမိန့်ပေးစေခိုင်းသူများ၊ သက်ဆိုင်ရာထောင်အာဏာပိုင်များ၊ ကိုယ်တိုင်ကျူးလွန်သူများအားလုံးတာဝန်ခံရမယ်လို့လည်း မှတ်တမ်းတင်ထားပါတယ်။

" ဒါက ရာဇဝတ်မှု၊ လူသတ်မှု။ အကျဉ်းထောင်ထဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ”လို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က မှတ်ချက်ပြုထားပါတယ်။

ကျောင်းဆရာဦးကောင်းခန့်ကျော်ကို ကြိုးစင်မတင်ဖို့တားဆီးကြရင်း အကျဉ်းထောင်တာဝန်ရှိသူတွေရဲ့ ရိုက်နှက်သတ်ဖြတ်ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် တရားမျှတမှု ပြန်ရအောင် ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်မျိုးမင်းကထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးအရာရှိတွမ်အင်ဒရူး၊ ကုလသမဂ္ဂ အကျဉ်းထောင်များဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ၊ တရားလက်လွတ်သတ်ဖြတ်မှုဆိုင်ရာ အထူးစုံစမ်းရေးအရာရှိတွေထံ သက်သေနဲ့တစ်ကွ ခိုင်လုံတဲ့ အထောက်အထားတွေပေးပို့ထားပြီး လာမယ့် ၂၀၂၃ မတ်လမှာ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာလည်း တင်ပြသွားမယ်လို့ RFA သတင်းဌာနကတဆင့် လူထုဆီ အသိပေး ထားပါတယ်။

" တရားမျှတမှုဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးလေးနက်နက် ကတိပြုအပ်ပါသည်" လို့ ဦးအောင်မျိုးမင်းက ကတိပေးထားပါတယ်။

အခုအခါမှာတော့ ကျောင်းဆရာဦးကောင်းခန့်ကျော်ရဲ့ မိဖ‌တွေဟာ သားဖြစ်သူကို တကြိမ်တခါဖြစ်ဖြစ်တွေ့ခွင့်ရရေး ရနိုင်သမျှ ကြိုးစားနေပါတယ်။ ပုသိမ်ထောင်ထဲမှာ ကျဆုံးခဲ့ရတဲ့ ကိုဝေယံဖြိုးရဲ့ မိ‌ဖတွေကလည်း သားဖြစ်သူရဲ့ ရုပ်အလောင်းကိုတောင် ကြည့်ခွင့်မရရှာပဲ ရုပ်ကလပ်မဲ့ ဈာပနကို ရင်ကွဲ ပက်လက် စီမံခဲ့ရပါတယ်။ ကိုဝင်းမင်းထက်သတင်းကတော့ အစအနမရအောင် ပျောက်ဆုံးနေဆဲ။ ဒဏ်ရာရအကျဉ်းသားတွေကလည်း သွေးသံရဲရဲကြားကနေ အံကိုကြိတ်ထားဆဲပါပဲ။

အာဏာရှင်လက်အောက်ကနေရုန်းထွက်ဖို့ကြိုးစားနေဆဲ ဒဏ်ရာဒဏ်ချက်တွေဗလပွနဲ့ နိုင်ငံမှာ ၂၀၂၃ နှစ်သစ်ရဲ့အစမှာပဲဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဒီဇာတ်လမ်းဟာ ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုတော့ မနက်ဖြန်အတွက် မေးခွန်းလက်ကျန်အဖြစ်ပြည်သူလူထုနဲ့ နိုင်ငံတကာက အာရုံစိုက် နားစွင့်နေပါလိမ့်မယ်။

ဓာတ်ပုံ- ကျောင်းဆရာ ကိုကောင်းခန့်ကျော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required