IMF ၏ သတ်မှတ်ချက်များကို အစိုးရ လက်ခံပါက ငွေကြေးဖောင်းပွမှု ၄၀ ရာခိုင်နှုန်း တက်လာမည်ဟု ပါကစ္စတန်ဝန်ကြီးဟောင်း သတိပေး

By ANI
12 January 2023
IMF ၏ သတ်မှတ်ချက်များကို အစိုးရ လက်ခံပါက ငွေကြေးဖောင်းပွမှု ၄၀ ရာခိုင်နှုန်း တက်လာမည်ဟု ပါကစ္စတန်ဝန်ကြီးဟောင်း သတိပေး

ပါကစ္စတန်အတွက် ထပ်တိုးထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၇ သန်းကို ၉ ကြိမ်မြောက် သုံးသပ်မှုအပြီးသတ်ရေး အတွက်  နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က တင်ပြလာသော သတ်မှတ်ချက်ကို ပါကစ္စတန်ဒီမိုကရက်တစ်လှုပ်ရှားမှု (PDF) ညွန့်ပေါင်းအစိုးရက လက်ခံလိုက်ပါက  ပါကစ္စတန်တွင် ငွေကြေးဖောင်းပွမှု ၄၀ ရာခိုင်နှုန်း ပိုတိုးလာမည်ဟု ပါကစ္စတန်စွမ်းအင်ဝန်ကြီးဟောင်းနှင့် ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ပါတီခေါင်းဆောင် ဟာမက်အဇ်ဟာက ပြောကြားကြောင်း Geo News တွင် ဖော်ပြထားသည်။

ပါကစ္စတန်ပြည်သူများသည် ဆိုးရွားသော စားနပ်ရိက္ခာအကျပ်အတည်း ကြုံရဖွယ်ရှိသည်ဟု PTI ပါတီခေါင်းဆောင် ဟာမက်အဇ်ဟာက အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။

စီးပွားရေးသည် လွန်ခဲ့သော ၉ လတာကာလအတွင်း ပြိုလဲလုနီးပါးဖြစ်ခဲ့ကြောင်း အဇ်ဟာက  ပါကစ္စတန် မွတ်စလင် အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ပါတီ ညွန့်ပေါင်းအစိုးရကို ဝေဖန်ခဲ့ပြီး ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ရှရစ်ဖ်အနေဖြင့် ယင်းပြဿနာများကို နိုင်ငံအား အသိပေးသင့်သည်ဟု ဆိုသည်။

ယခုနှစ် ဇွန်လတွင် သက်တမ်းကုန်ဆုံးမည့်  IMF နှင့် လက်ရှိသဘောတူညီချက် အစီအစဉ်အသစ်အတွက် ပါကစ္စတန်အစိုးရအနေဖြင့်  ဆုံးဖြတ်ချက်ချမှတ်ရမည်ဟု ဟာမက်အဇ်ဟာက ပြောကြားခဲ့သည်။

ပါကစ္စတန်တွင် နိုင်ငံတက ငွေကြေးရံပုံငွေအဖွဲ့ နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်သည့် အသစ်ရွေးချယ် တင်မြှောက်သော  အစိုးရတစ်ရပ်ရှိရန် လိုအပ်သည်ဟု ဆိုသည်။

ပါကစ္စတန် စွမ်းအင်ဝန်ကြီးဟောင်း ဟာမက်အဇ်ဟာက ၎င်းတို့သည် ရွေးကောက်ပွဲများကို စောစီးစွာ ကျင်းပရန် လိုအပ်ကြောင်းနှင့် လုပ်ပိုင်ခွင့် ၅ နှစ် ရှိသော အစိုးရသည် ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်သည်ဟု အလေးထားပြောကြားခဲ့သည်။

အဇ်ဟာက နိုင်ငံသည် အခက်အခဲများဆီသို့ ဦးတည်နေပြီး အလေးအနက်မထားသော အစိုးရသည် နိုင်ငံအား အကျပ်အတည်းမှ ကယ်မထုတ်နိုင်ကြောင်း ပါကစ္စတန်အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ရှရစ်ဖ်က ဇန်နဝါရီ ၇ ရက်တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ မန်နေဂျင်းဒါရိုက်တာ ခရစ်စတာလီနာ ဂျော်ဂျီယာဗာနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရှာရစ်ဖ်က IMF အစီအစဉ်ကို အပြီးသတ်ရေးအတွက် ပါကစ္စတန်အစိုးရ၏ စိတ်ပိုင်းဖြတ်ချက်နှင့် ပါကစ္စတန် ရင်ဆိုင်နေရသည့် စီးပွားရေးအခက်အခဲများအကြောင်းကို ဂျော်ဂျီယာဗာအား ပြောပြခဲ့သည်ဟု Twitter တွင် ရေးသားထားသည်။

“အထူးသဖြင့် ရေကြီးရေလျှံမှုတွေအပြီး ပါကစ္စတန်ရဲ့  စီးပွားရေး အခက်အခဲတွေကိုလည်း ကျွန်တော် ရှင်းပြခဲ့တယ်။ နိုင်ငံတကာ ငွေကြေးရံပုံငွေ ကိုယ်စားလှယ်အဖွဲ့ဟာ ပါကစ္စတန်ကို မကြာခင် ရောက်လာတော့မှာပါ” ဟု ရှာရစ်ဖ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly