ပါကစ္စတန်တွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်တက်နေ

By ANI
12 January 2023
ပါကစ္စတန်တွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်တက်နေ

 

ပါကစ္စတန်တွင် သွင်းကုန်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်မားခြင်း၊ သီးနှံရရှိနိုင်မှု၊ ဝယ်လိုအားနှင့် ရောင်းလိုအားကွာဟမှု၊ သိုလှောင်မှု၊ ငွေလဲနှုန်းပြဿနာများနှင့် လက်ရှိ စီးပွားရေးအကျပ်အတည်းများကြောင့် မရှိမဖြစ်လိုအပ်သော စားသောက်ကုန်များပင်လျှင် ထိန်းချုပ်မရသော ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်နေပြီး ယမန်နှစ်က နိုင်ငံတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုအပြီး အခြေအနေ ပိုမိုဆိုးရွားလာခဲ့ကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

ဆိုးရွားလာသောငွေကြေးဖောင်းပွမှုပြဿနာကြောင့် ကရာချိတွင်  ဂျုံကိုလုံးဝမထုတ်လုပ်နိုင်ဘဲ ဆင်းဒ်ပြည်နယ်မှဒေသများကို မှီခိုနေရသည်။  

ကရာချိတွင် ဂျုံမှုန့် ၂၀ ကီလိုဂရမ်၏ စျေးနှုန်းသည် ရူပီး ၂ ၈၀၀ မှ ရူပီး ၃ ၀၀၀ အထိ စံချိန်တင်မြင့်တက်လာခဲ့ပြီး အစ္စလာမာဘတ်၊ လာဟိုး၊ ဂူဂျရန်ဝါလာမြို့တွင် ရူပီး ၁ ၂၉၅ နှင့် လာခါနာ့၊ ‌ဆာခ်ခါနှင့် ဟိုက်ဒရာဘတ်တို့တွင် ရူပီး ၁ ၃၀၀ မှ ရူပီး ၂ ၈၀၀ အထိ ရှိလာကြောင်း ပါကစ္စတန်စာရင်းအင်းဗျူရို (PBS) မှ ထုတ်ပြန်ခဲ့သည်။

နိုင်ငံအတွင်း ပဲမျိုးစုံဈေးနှုန်းမှာလည်း အလားတူ မြင့်တက်နေပြီး အခြားမြို့များ၌ ပဲတီစိမ်း ၁ ကီလိုဂရမ်လျှင် ရူပီး ၂၁၀ မှ ၂၈၀ အကြားရှိကာ ကွက်တာမြို့တွင် ရူပီး ၃၀၀ မှ ၃၁၀ အထိ ဈေးပေါက်သည်။

ကုလားပဲဈေးနှုန်းမှာ ကွက်တာမြို့တွင် ၁ ကီလိုလျှင် ရူပီး ၂၈၀ မှ ၂၉၀ အကြားရှိပြီး ကရာချိတွင် ရူပီး ၂၂၀ မှ၂၆၀ နှင့် အခြားမြို့များတွင် ရူပီး ၂၀၀ မှ ၂၅၀ အကြား အသီးသီးရှိသည် Dawn သတင်းအရ သိရသည်။

လက်ရှိတွင် အာလူး ၁ကီလိုလျှင် ရူပီး ၃၅ မှ ၉၀ အထိ ပေါက်ဈေးရှိပြီး ကြက်သွန် ၁ ကီလိုလျှင် ရူပီး ၁၈၀ မှ ရူပီး ၂၂၀ ကြား ရှိသည်။

ပါကစ္စတန်နိုင်ငံ၌ ယမန်နှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများအပြီးတွင် မရှိမဖြစ် လိုအပ်သော စားသောက်ကုန်ဈေးနှုန်းများသည် သာမန်လူများ လက်လှမ်းမမီနိုင်လောက်အောင် မြင့်တက်သွားခဲ့သည်။

စိုက်ပျိုးထုတ်လုပ်သော ဒေသမှ ကုန်စည်များသည် စျေးကွက်တွင်းသို့ အနည်းငယ်သာ ရောက်ရှိ၍ စျေးနှုန်းများ မြင့်တတ်လာကာ စျေးနှုန်းကျဆင်းစေရန် အခြားနိုင်ငံမှ ကြက်သွန်နီများ တင်သွင်းမည့် အစိုးရ၏ ကြိုးပမ်းမှုမှာလည်း မအောင်မြင်ဟု ဆိုသည်။

ကရာချိဆိပ်ကမ်းမြို့သည် ပဲမျိုးစုံတင်သွင်းရာ ဗဟိုချက်ဖြစ်ပြီး ကုန်ချောအဖြစ် ပြောင်းလဲရန် စက်ရုံများသို့ ပို့ဆောင်၍ ထိုမှ  မြို့အသီးသီးသို့ ပို့ဆောင်ပေးသည့်အတွက် သယ်ယူပို့ဆောင်ခကြောင့် စျေးနှုန်းကွာခြားမှု ကြီးမားသည်ဟု ကရာချိကုန်စည်လက္ကားဖြန့်ချီရေးအဖွဲ့ ဥက္ကဋ္ဌ ရာဖ့်အီဗရာဟမ်၏ ပြောဆိုချက်ကို ကိုးကား၍ Dawn က ဖော်ပြသည်။

အလားတူပင် ဒေသထွက်သီးနှံများကို စက်ရုံများသို့ ပို့ဆောင်ပြီး အခြားဒေသအသီးသီးသို့ ပြန်လည်ဖြန့်ဖြူးသဖြင့် သယ်ယူပို့ဆောင်ခများမှာ အပြောင်းအလဲရှိသည်။

အထူးသဖြင့် ကရာချိ၊ ဘာလိုချီစနတ်နှင့် ပါ့ရှ်ဝါတို့တွင် နေ့စဉ်နှင့်အမျှ ဂျုံနှင့် ဂျုံမှုန့်များ၏ စျေးနှုန်းများ ပိုမိုမြင့်တက်လာသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ကောက်ပဲသီးနှံအသစ်များ ရိတ်သိမ်းရန် ၂ လသာ လိုတော့သောကြောင့် ဂျုံမှုန့်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်ရန် အစိုးရအနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဂျုံအမြောက်အမြား တင်သွင်းခွင့် ပြုသင့်သည်ဟု အီဘရာဟင်၏ ပြောကြားချက်ကို ကိုးကား၍ Dawn သတင်းဌာနက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly