ပန်ဂျပ်ပြည်နယ်မှ ပါကစ္စတန် တာလီဘန် အကြမ်းဖက်သမား ၅ ဦးကို ပါကစ္စတန်ရဲတပ်ဖွဲ့ ဖမ်းဆီး

By ANI
12 January 2023
ပန်ဂျပ်ပြည်နယ်မှ ပါကစ္စတန် တာလီဘန် အကြမ်းဖက်သမား ၅ ဦးကို ပါကစ္စတန်ရဲတပ်ဖွဲ့ ဖမ်းဆီး

 

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရှိ အကြမ်းဖက်မှု နှိမ်နင်းရေးတပ်ဖွဲ့က  ပြည်နယ်၏ ခရိုင်အသီးသီးတွင် ထောက်လှမ်းရေးအခြေပြုစစ်ဆင်ရေး ၂၁ ခုအတွင်း အကြမ်းဖက်သမားဟု သံသယရှိသူ ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၇ ရက်က ပြောသည်။

အဆိုပါ အကြမ်းဖက်သမားများသည် မတရားအသင်းအဖြစ် ကြေညာခံထားရသည့်   ပါကစ္စတန် တာလီဘန် (TTP) စစ်သွေးကြွအဖွဲ့အပါအဝင် တရားမဝင်သော ဘာသာရေးအဖွဲ့အစည်း အသီးသီးမှဖြစ်ကြောင်း ပန်ဂျပ်ပြည်နယ် အကြမ်းဖက်မှုတန်ပြန်ရေးဌာန (CTD) မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြခဲ့သည်။

အကြမ်းဖက်သမားများသည် ပြည်နယ်ကို ဖျက်ဆီးရန်စီစဉ်ထားပြီး အရေးကြီးသောအဆောက်အအုံများနှင့် အခြားဘာသာရေးနေရာများကို ပစ်မှတ်ထားခဲ့သည်ဟု ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဖမ်းမိထားသော သံသယရှိသူများထံမှ ပေါက်ကွဲစေသောလက်လုပ်ဗုံးများ အပါအဝင် လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ပန်ဂျပ်ပြည်နယ်တစ်ဝန်းရှိ ထောက်လှမ်းရေးအခြေပြု စစ်ဆင်ရေးအတွင်း CTD က သံသယရှိ စစ်သွေးကြွ ၅ ဦးကို ဖမ်းဆီးပြီးနောက် ရက်ပိုင်းအကြာတွင် လက်နက်နှင့်ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိခြင်းဖြစ်သည်။

ပါကစ္စတန်တာလီဘန်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၈ ရက်က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖျက်သိမ်းခဲ့ပြီး ၎င်း၏ စစ်သွေးကြွများကို နိုင်ငံအနှံ့ တိုက်ခိုက်မှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် စစ်သွေးကြွများ၏သောင်းကျန်းမှုများ မြင့်တက်လာချိန်တွင် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

သုတေသနနှင့်လုံခြုံရေးလေ့လာရေးစင်တာ (CRSS) က ၂၀၂၂ ခုနှစ်သည် ဆယ်စုနှစ်တစ်ခုအတွင်း ပါကစ္စတန်လုံခြုံရေးဝန်ထမ်းများ သေဆုံးမှု အများဆုံးလဖြင့် အဆုံးသတ်ခဲ့ကြောင်းနှင့် ပါကစ္စတန်တာလီဘန်အဖွဲ့ ပေါ်ပေါက်လာမှုသည် နိုင်ငံအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုအဖြစ် ထောက်ပြခဲ့သည်။

ပါကစ္စတန်-အာဖဂန်နယ်စပ်ဒေသများတွင် လက်လုပ်ဖောက်ခွဲရေးပစ္စည်းများ (IED) ဖြင့် ခြုံခိုတိုက်ခိုက်မှုများ၊ အသေခံဗုံးခွဲတိုက်ခိုက်မှုများနှင့် လုံခြုံရေးစခန်းများ စီးနင်းခံရမှုများအပါအဝင် ၂၀၂၂ ခုနှစ်အတွင်း ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၈၂  ဦးထက်မနည်း အသက် ဆုံးရှုံးခဲ့ကြောင်း CRSS ၏နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

"ပါကစ္စတန် တာလီဘန်၊ ဘာလိုချီစတ် လွတ်မြောက်ရေးတပ် (BLA) နှင့် ဒေ့ရှ်-အာဖဂန်နစ္စတန် တို့ပါဝင်သော အကြမ်းဖက်အုပ်စုသစ်တစ်ခု ပေါ်ပေါက်လာသဖြင့် ဆယ်စုနှစ်တစ်ခုအတွင်း ၂၀၂၂ ခုနှစ်သည် ပါကစ္စတန် လုံခြုံရေးဝန်ထမ်းများအတွက် အသေအပျောက်အများဆုံး လဖြင့် အဆုံးသတ်ခဲ့သည်” ဟု CRSS အစီရင်ခံစာက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly