ထိုင်ဝမ်နယ်နိမိတ်အနီးတွင် တရုတ်လေယာဉ် ၅၇ စင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်

By CNA
12 January 2023
ထိုင်ဝမ်နယ်နိမိတ်အနီးတွင် တရုတ်လေယာဉ် ၅၇ စင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်

 

ထိုင်ဝမ်အနီးတွင် တရုတ်လေယာဉ် ၅၇ စင်းနှင့် စစ်သင်္ဘော ၄ စီးကို ဇန်နဝါရီလ ၈ ရက် နံနက် ၆ နာရီမှ ဇန်နဝါရီလ ၉ ရက် နံနက် ၆ နာရီအကြား တွေ့ရှိခဲ့ရပြီး တရုတ်နိုင်ငံမှ ပြုလုပ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MND) က ပြောသည်။

တရုတ်လေယာဉ် ၂၈ စင်းသည် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ဖြတ်ကျော်ကာ ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) ၏ အနောက်တောင်ဘက်ပတ်န်းကျင်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း MND က ဇန်နဝါရီလ ၉ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

အဆိုပါ လေယာဉ်အုပ်စုတွင် BZK-005 မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ် ၃ စင်း၊ J-11 တိုက်လေယာဉ် ၆ စင်း၊ J-16 တိုက်လေယာဉ် ၁၂ စင်းနှင့် Sukhoi Su-30 ဘက်စုံသုံးလေယာဉ် ၂ စင်းတို့ ပါဝင်သည်။

ထိုင်ဝမ်က သင်္ဘောများ၊ လေယာဉ်များနှင့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များ ဖြန့်ကြက်ခြင်း၊ ရေဒီယိုသတိပေးချက်များ ထုတ်ပြန်ခြင်းဖြင့် တရုတ်လေယာဉ်များ ကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်ခဲ့သည်ဟု MND က ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လာမည့်နှစ်အတွင်း အမေရိကန်ထံမှ လက်နက်များဝယ်ယူရန် ထိုင်ဝမ်အား ချေးငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ခွင့်ပြုပေးထားသည့် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ (NDAA) ကို ဒီဇင်ဘာလ ၂၃ ရက်က လက်မှတ်ရေးထိုးပြီးနောက် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ထိုင်ဝမ်အနီးတွင် တရုတ်စစ်တပ်၏ အရှေ့ပိုင်းကွပ်ကဲရေးဌာနချုပ်က ဒုတိယအကြိမ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်စစ်တပ်သည် ပထမအကြိမ် စစ်ရေးလေ့ကျင့်မှုတွင် ဒီဇင်ဘာလ ၂၅ ရက်က ပြုလုပ်ခဲ့သည့် စုစုပေါင်း လေယာဉ် ၇၁ စင်းနှင့် စစ်သင်္ဘော ၇ စီးကို ထိုင်ဝမ်အနီးရှိ ဧရိယာများသို့ ၂၄ နာရီကြာ စေလွှတ်ခဲ့ပြီး လေယာဉ် ၄၇ စင်းသည် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကိုဖြတ်ကာ ထိုင်ဝမ်အနောက်တောင်ပိုင်း လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်သို့ ဝင်ရောက်ခဲ့ကြောင်း MND က ပြောကြားခဲ့သည်။

နောက်ဆုံးပြုလုပ်သည့် ရေတပ်နှင့်လေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ပြည်ပနှင့် ထိုင်ဝမ်လွတ်လပ်ရေးတပ်ဖွဲ့များ၏ ရန်စမှုများ ဆက်တိုက်ရင်ဆိုင်ရချိန်တွင် တရုတ်စစ်တပ်၏ တိုက်ခိုက်ရေး စွမ်းရည်ကို စမ်းသပ်ရန် ရည်ရွယ်ကြောင်း တရုတ်အရှေ့ပိုင်းကွပ်ကဲရေးဌာနချုပ်က ဇန်နဝါရီလ ၈ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဇေဗီယာချန်းက တရုတ်စစ်တပ်သည် အခြေအမြစ်မရှိသည့် စွပ်စွဲမှုများကို ပြုလုပ်နေကြောင်းနှင့် အချုပ်အခြာအာဏာနှင့်နိုင်ငံလုံခြုံရေးကို ကာကွယ်သည့်ထိုင်ဝမ်၏သန္နိဋ္ဌာန်သည် ဒေသတွင်းတင်းမာမှုများကို မြင့်တက်စေမည် မဟုတ်သလို ပဋိပက္ခများလည်း ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း ဇန်နဝါရီလ ၉ ရက်က တုံ့ပြန်ခဲ့သည်။

နိုင်ငံတကာအသိုက်အဝန်းက မျှော်လင့်သည့်အတိုင်း ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ရန် နှစ်ဖက်စလုံးတွင် တာဝန်ရှိသည်ဟု ချန်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required