တိဗက်ကုန်းပြင်မြင့်ရှိ ရေခဲမြစ်များ အရည်ပျော်ခြင်းကြောင့် တောင်အာရှဒေသလုံခြုံရေးကို ထိခိုက်လာနိုင်

By ANI
12 January 2023
တိဗက်ကုန်းပြင်မြင့်ရှိ ရေခဲမြစ်များ အရည်ပျော်ခြင်းကြောင့် တောင်အာရှဒေသလုံခြုံရေးကို ထိခိုက်လာနိုင်

 

တိဗက်ကုန်းပြင်မြင့်ရှိ ရေခဲမြစ်များ အရည်ပျော်ခြင်းကြောင့် အချို့နေရာများတွင် ရေလျှံကာ အခြားနေရာများတွင် ရေရှားပါးမှုများ ဖြစ်ပေါ်နိုင်စေသလို ဒေသတွင်းလုံခြုံရေးပါကို ထိခိုက်စေနိုင်ကြောင်း Hamrakura သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အထူးသဖြင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်နေထိုင်သည့် အာရှတိုက်တွင် ရေနှင့်ပတ်သက်သည့် ပြဿနာများ မြန်မြန်ဆန်ဆန် ကြီးထွားလာနေပြီး လက်ရှိ သုတေသနပြုချက်များအရ အနာဂတ်တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် ရေအရင်းအမြစ် ပြောင်းလဲလာခြင်းသည် အာရှ၏ ရေဖူလုံမှုကို ထိခိုက်စေလိမ့်မည်ဟု ဆိုသည်။

အခြေခံအဆောက်အအုံနှင့် စိုက်ပျိုးရေးကို ထိခိုက်စေသည့် သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် လျော့ပါးစေရေး ဆောင်ရွက်ရန် နိုင်ငံများအကြား ရှင်းလင်းသည့် သဘောတူညီချက်မရှိကြောင်း Hamrakura က ဖော်ပြထားသည်။

အထူးသဖြင့် မြစ်ကမ်းဘေး အနိမ့်ပိုင်းဒေသရှိ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယတို့ကဲ့သို့ တောင်အာရှနိုင်ငံအများစုသည် ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာထုတ်လုပ်ရေးနှင့် သောက်သုံးရေအတွက် ရေအရင်းအမြစ်များကို မျှဝေသုံးစွဲနေရသောကြောင့် ရေအရင်းအမြစ် ဟန်ချက်မညီမျှမှုများသည် မြစ်အောက်ပိုင်းဒေသများတွင် ရေမလုံလောက်မှု တိုးပွားလာနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

တိဗက်ကုန်းပြင်မြင့်သည် တရုတ်၊ အိန္ဒိယနှင့် နီပေါအပါအဝင် ဒေသတွင်းရှိ လူအများအပြားအတွက် အရေးပါသော ရေအရင်းအမြစ်ဖြစ်သောကြောင့် ရေစီးဆင်းမှုအပြောင်းအလဲသည် အဆိုပါနိုင်ငံများကြား ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည်ဟုမြစ်အများစုမှ ရေရရှိမှုသည် ၂၀၅၀ ပြည့်နှစ်တွင် ကျဆင်း လာမည်ဖြစ်ကြောင်း နိုင်ငံတကာ သုတေသနများတွင် ဖော်ပြထားသည်။

ထို့ပြင် ဒေသတွင်း လူသားချင်းစာနာမှု၊ စီးပွားရေး၊ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ပိုမိုဆိုးရွားစေနိုင်ပြီး တရုတ်နိုင်ငံသည် မြစ်အထက်ပိုင်းကို အများဆုံးပိုင်ဆိုင်ထားမှုနှင့်ပတ်သက်၍ ၎င်းကိုယ်တိုင် နယ်စပ်ဖြတ်ကျော်မြစ်မူဝါဒ မရှိသေးပေ။

တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ရေမျှဝေသုံးစွဲရေးသဘောတူစာချုပ်များ သို့မဟုတ် နိုင်ငံတကာ နယ်စပ်ဖြတ်ကျော် ရေကြောင်းဆိုင်ရာသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့်အတွက် မြစ်အောက်ပိုင်းဒေသများသည် အများပိုင်ရေအရင်းအမြစ်များ မျှဝေသုံးစွဲနိုင်မှုနှင့် ထိန်းချုပ်မှုဆိုင်ရာ ပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည့်အပေါ် စိုးရိမ်လာခဲ့ကြသည်ဟု ဆိုသည်။

တရုတ်၏ ရေအားလျှပ်စစ် ဆည်အများအပြားသည် တိဗက်ရှိ ဗြဟ္မပုတ္တရမြစ်ကဲ့သို့ မြစ်များပေါ်တွင် တည်ရှိပြီး ပထဝီနိုင်ငံရေးနှင့် ရေကြောင်းဆိုင်ရာနိုင်ငံရေးဂယက်များ ဖြစ်ပွားလာနိုင်ခြင်းကြောင့် အိန္ဒိယကဲ့သို့ မြစ်အောက်ပိုင်းနိုင်ငံများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်” ဟု သတင်းက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI)အရ အိမ်နီးချင်းနိုင်ငံအများအပြား အထူးသဖြင့် တောင်အာရှနိုင်ငံများတွင် ရေအားလျှပ်စစ်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံထားပြီး နိုင်ငံတကာရေလမ်းကြောင်းများ အနီးရှိ ဒေသတွင်းအခြားနိုင်ငံများတွင် ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ စိုးရိမ်မှုများဖြစ်ပေါ်နေသည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်တွင်ပါဝင်သည့် ပါကစ္စတန်ရှိ တရုတ်၏ ရေအားလျှပ်စစ်စီမံကိန်းအချို့ကို အိန္ဒိယက ကန့်ကွက်ခဲ့ပြီး တရုတ်နိုင်ငံသည် နိုင်ငံတကာမြစ်များ၏ အထက်ပိုင်းတွင် အကြီးစား ရေအားဖြင့်လုပ်ဆောင်သော အခြေခံအဆောက်အုံ စီမံကိန်းများကို အကောင်အထည်ဖော်ခြင်းဖြင့် ရေရှားပါးမှုကို ပိုမိုဆိုးရွားလုပ်ဆောင်နေသည်ဟု စွပ်စွဲခံထားရသည်။

ဘူတန်ရှိ ချူခါးရေအားလျှပ်စစ်စီမံကိန်းသည် တောင်အာရှတွင် အိန္ဒိယ၏ ရေအားလျှပ်စစ် ရင်းနှီးမြှုပ်နှံမှုအတွက် နမူနာတစ်ခုဖြစ်သည်။ လျှပ်စစ် ၃၃၆ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် ချူခါးရေအားလျှပ်စစ်စီမံကိန်းသည် ဘူတန်နိုင်ငံ၏ အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး အဆိုပါရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားအများစုကို အိန္ဒိယသို့ ရောင်းချပြီး ဘူတန်နိုင်ငံသည် ထိုင်ငွေဖြင့် အကျိုးအမြတ်ရရှိနေသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly