တာလီဘန် ၂၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဂုဏ်ယူစွာ ဝန်ခံခဲ့သည့် ဗြိတိန်မင်းသားဟယ်ရီအား ရုံးတင်စစ်ဆေးရန် အာဖဂန်ပြည်သူများ တောင်းဆို

By Sky News
12 January 2023
တာလီဘန် ၂၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဂုဏ်ယူစွာ ဝန်ခံခဲ့သည့် ဗြိတိန်မင်းသားဟယ်ရီအား ရုံးတင်စစ်ဆေးရန် အာဖဂန်ပြည်သူများ တောင်းဆို

ဗြိတိန် မင်းသားဟယ်ရီ၏ “Spare” ဟုအမည်ပေးထားသော ကိုယ်တွေ့မှတ်တမ်းစာအုပ်တွင် သူသတ်ဖြတ်ခဲ့သူများကို လူသားများအဖြစ် မယူဆဘဲ စစ်တုရင်နယ်ရုပ်များအဖြစ် သဘောထားခဲ့သည်ဟု ရေးသားထားသည်။ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မင်းသားဟယ်ရီအား အပြစ်ပေးအရေးယူရန် တောင်းဆိုသူများထဲတွင် ၂၀၁၁ ခုနှစ်က ဗြိတိန်လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၉ ဦး ဆုံးရှုံးခဲ့ရသည့် အာဖဂန်နိုင်ငံသားတစ်ဦးလည်း ပါဝင်သည်။

ဗြိတိသျှတပ်သားအဖြစ် အာဖဂန်တွင် တိုက်ပွဲဝင်စဉ် သတ်ဖြတ်မှုများကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည့် မင်းသား ဟယ်ရီအား လူသေဆုံးမှုများအတွက် တရားစွဲရန် အာဖဂန်ပြည်သူများက တောင်းဆိုထားသည်။

မင်းသားဟယ်ရီ၏ “Spare” ဟု အမည်ပေးထားသည့် စာအုပ်တွင် တိုက်ခိုက်ရေးသမား ၂၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်းနှင့်  ထိုသူများကို လူသားများအဖြစ် မမြင်ဘဲ စစ်တုရင်ခုံမှ နယ်ရုပ်များကို ဖယ်ရှားရသကဲ့သို့ သဘောထားခဲ့သည်ဟု ရေးသားထားခြင်းဖြစ်သည်။

ဆက်ဆက်ခ်မြို့စားသည် ၂၀၁၂ မှ ၂၀၁၃ ခုနှစ်အတွင်း အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ် တွဲဖက်လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်မှုအပါအဝင် အာဖဂန်နစ္စတန်တွင် ၂ ကြိမ်တိုင် စစ်မှုထမ်းခဲ့သည်။

ဟယ်ရီအား ရုံးတင်စစ်ဆေးသင့်သည်ဟု တောင်းဆိုသူများထဲတွင် ၂၀၁၁ ခုနှစ် လေကြောင်းတိုက်ခိုက်မှုသေဆုံးခဲ့ရသူတစ်ဦး၏ ဆွေမျိုးတော်စပ်သူ မူလာအဗ္ဗဒူလာလည်း ပါဝင်သည်။

မူလာအဗ္ဗဒူလာသည် နာရ်-အီ-ဆာရတ်ချ်ခရိုင်ရှိ ရက်ခ်ချယ်ရွာဈေးတွင်ရောက်ရှိနေစဉ် ၎င်း၏နေအိမ်မှာ လေကြောင်းမှတိုက်ခိုက်ခံရပြီး ဆွေမျိုး ၉ ဦး ဆုံးရှုံးခဲ့သည်။

“ဒီလူ (မင်းသားဟယ်ရီ) ကို ရုံးတင်စစ်ဆေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုထားပါတယ်။ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးသင့်တယ်

"ကျွန်တော်တို့ရဲ့ အသက်အိုးအိမ်တွေ မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတယ်၊ စားဝတ်နေရေးလည်း ဆုံးရှုံးခဲ့ရတယ်၊ ချစ်ရတဲ့သူတွေကိုလည်း ဆုံးရှုံးခဲ့ရတယ်" ဟု မူလာအဗ္ဗဒူလာက AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထိုသို့ ဝန်ခံမှုကြောင့်  မင်းသားဟယ်ရီ ကမကထပြုလုပ်ကျင်းပသည့်  ကိုယ်လက်အင်္ဂါဆုံးရှုံးထားသည့် စစ်မှုထမ်းဟောင်းများ၏ အားကစားပြိုင်ပွဲ Invictus Games အတွက် လုံခြုံရေးအန္တရာယ်ရှိနိုင်သည်ဟု တိုရီလွှတ်တော်အမတ် တိုဘိုင်းရက်စ်အယ်လ်ဝုဒ်က ပြောသည်။

အောက်လွှတ်တော်ကာကွယ်ရေးကော်မတီက္ကဋ္ဌ အကြီးတန်း အယ်လ်ဝုဒ်က မင်းသားဟယ်ရီ၏ မှတ်တမ်းစာအုပ်မှ ထုတ်ဖော်ရေးသားချက်များသည် မပြောပြသင့်သောအရာများဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly