J-11 တိုက်လေယာဉ်ကို အန္တရာယ်ရှိအောင်လုပ်ခဲ့သည်ဆိုသော တရုတ်စွပ်စွဲချက်ကို အမေရိကန်စစ်တပ် ပယ်ချ

By ANI 
12 January 2023
J-11 တိုက်လေယာဉ်ကို အန္တရာယ်ရှိအောင်လုပ်ခဲ့သည်ဆိုသော တရုတ်စွပ်စွဲချက်ကို အမေရိကန်စစ်တပ် ပယ်ချ

 

တောင်တရုတ်ပင်လယ်၌ ဒီဇင်ဘာ ၂၁ ရက်တွင် အမေရိကန်ထောက်လှမ်းရေးလေယာဉ်က အန္တရာယ်များသော စစ်ရေးလေ့ကျင့်မှုလုပ်ဆောင်ခဲ့သည်ဟူသော တရုတ်စွပ်စွဲချက်ကို အမေရိကန်က ပယ်ချလိုက်ကာ လေယာဉ် ၂ စီး တိုက်မိလုနီးပါးဖြစ်အောင်လုပ်ခဲ့သည်မှာ တရုတ်တိုက်လေယာဉ်သာဖြစ်သည်ဟု ပြောခဲ့ကြောင်း RFA  က ဖော်ပြသည်။

အမေရိကန် အင်ဒို-ပစိဖိတ်စစ်ဌာနချုပ် (INDOPACOM) ၏ ဒီဇင်ဘာ ၂၉ ရက်ထုတ် မူရင်းထုတ်ပြန်ချက်တွင် တရုတ် J-11 တိုက်လေယာဉ်၏ လေယာဉ်မှူးသည် ဒီဇင်ဘာ ၂၁ ရက်က အမေရိကန်လေတပ်၏ RC-135 လေယာဉ်အား နှောင့်ယှက်ကာ အန္တရာယ်မကင်းသည့် လေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့သဖြင့် မတိုက်မိအောင် ရှောင်တိမ်းခဲ့ရကြောင်း ဖော်ပြထားသည်။

INDOPACOM က ၎င်း၏ ပြောကြားချက်ကို အခိုင်အမာသက်သေပြရန် အမေရိကန်လေယာဉ်မှူး ရိုက်ကူးထား သည့် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။

တရုတ်စစ်တပ်တောင်ပိုင်းစစ်ဌာနချုပ်ကလည်း ၎င်းတို့ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကို ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်က ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လှည့်ဖြားခဲ့ပြီး အမေရိကန် RC-135 လေယာဉ်ကသာ ရုတ်တရတ် လမ်းကြောင်းပြောင်းလဲခဲ့ပြီး တရုတ်လေယာဉ်ကို ဘယ်ဘက်ကို တွန်းပို့ခဲ့တာပါဟု တရုတ်က စွပ်စွဲခဲ့သည်။

INDOPACOM ၏ နောက်ဆုံးတုံ့ပြန်မှုတွင် တရုတ်စစ်တပ်၏ ကြေညာချက်ကို ပယ်ချခဲ့ပြီး လေယာဉ် ၂ စင်း တိုက်မိလုနီးပါးအခြေအနေအတွက် တရုတ် J-11 တိုက်လေယာဉ်တွင်သာ တာဝန်ရှိကြောင်း အလေးအနက် ပြောကြားခဲ့သည်။

အငြင်းပွားနေသော တောင်တရုတ်ပင်လယ်အတွင်းတွင် ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်လေတပ်လေ ယာဉ် ၁ စင်းမှ ၁၀ ပေ (၃ မီတာ) အကွာသို့ တရုတ်စစ်လေယာဉ် ၁ စင်း ချဉ်းကပ်လာခဲ့သဖြင့် နိုင်ငံတကာ လေပိုင်နက်အတွင်း မတိုက်မိစေရန် ရှောင်တိမ်းခဲ့ရကြောင်း အမေရိကန်စစ်တပ်က ဒီဇင်ဘာ ၂၉ရက်တွင် ပြောကြားခဲ့သည်။

တရုတ်ဂျက်လေယာဉ်သည် အမေရိကန်လေယာဉ်တောင်ပံမှ ပေ ၁၀ အကွာသို့ ချဉ်းကပ်လာကာ ဦးပိုင်းနှင့် ပေ ၂၀ သာ ကွာဝေးတော့သဖြင့် အမေရိကန်လေယာဉ်သည် မနည်း ရှောင်လွှဲခဲ့ရသည်ဟု အမေရိကန် စစ်ဘက်ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required