တရုတ်သြဇာ ဒေသတွင်း ကြီးထွားလာသဖြင့်   ပင်လယ်ရေကြောင်း  အစီအစဉ်များမြှင့်တင်ရန် အိန္ဒိယ ကြိုးပမ်း

By ANI
11 January 2023
တရုတ်သြဇာ ဒေသတွင်း ကြီးထွားလာသဖြင့်   ပင်လယ်ရေကြောင်း  အစီအစဉ်များမြှင့်တင်ရန် အိန္ဒိယ ကြိုးပမ်း

 

ဒေသတွင်းတွင် တရုတ်သြဇာကြီးထွားလာသဖြင့် အိန္ဒိယသမုဒ္ဒရာတွင် အကောင်အထည်ဖော်မည့် အစီအစဉ်များကို အိန္ဒိယက အရှိန်မြှင့်တင်ရန် စီစဉ်နေသည်။

အိန္ဒိယသည်  အန်ဒမန်နှင့် နီကိုဘာကျွန်းများကို အရှေ့တောင်အာရှနှင့် ချိတ်ဆက်ပြီး ကုန်စည်ပို့ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းဗဟိုချက်အဖြစ် ပြောင်းလဲရန် ရည်ရွယ်နေကြောင်း မလေးရှားအခြေစိုက် The Star သတင်းစာက ဖော်ပြခဲ့သည်။

အိန္ဒိယနှင့် အင်ဒိုနီးရှားတာဝန်ရှိသူများသည် ရေကြောင်းခရီးသွားလုပ်ငန်း၊ အပျော်စီးသင်္ဘောခရီးစဉ်များနှင့် အန်ဒမန်နှင့်နီကိုဘာကျွန်းများနှင့် အာချေးပြည်နယ်အကြား ဆက်သွယ်မှု တိုးမြှင့်ရေးအတွက် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် မကြာသေးမီက တွေ့ဆုံမှုအတွင်း သဘောတူခဲ့ကြသည်။ အိန္ဒိယသည် အာချေးပြည်နယ်တွင် ဆာဘန်ပင်လယ်ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးအကူအညီပေးလျက်ရှိသည်။

နှစ်နိုင်ငံတာဝန်ရှိသူများသည် ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများ ဖန်တီးပေးပေးရန်လည်း သဘောတူခဲ့ကြသည်။

အန်ဒမန်နှင့် နီကိုဘာကျွန်းများနှင့် ကီလိုမီတာ ၁၅၀ အကွာအဝေးရှိ အာချေးပြည်နယ်အကြား ချိတ်ဆက်မှု အားကောင်းလာခြင်းက ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော အင်ဒို-ပစိဖိတ်ဒေသ ရေကြောင်းပူးပေါင်း ဆောင်ရွက်ရေး ဘုံမျှော်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း The Star က ဖော်ပြခဲ့သည်။

အန်ဒမန်နှင့် နီကိုဘာကျွန်းများတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီး ကုန်းမကြီးနှင့် အဆက်အသွယ်ဝေးနေသော အဘောရီဂျင်းမျိုးနွယ်များနှင့် ဂျရာဝါလူမျိုးစုအပါအဝင် လူဦးရေ ၄ သိန်းခန့်ရှိသည်။

ဖွံ့ဖြိုးတိုးတက်မှုက ယင်းကျွန်းစုများ၏ ဂေဟစနစ်နှင့် ယဉ်ကျေးမှုအရ အရေးပါသော ဧရိယာများကို ထိခိုက်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly